


အောက်တိုဘာ - ၃၀ ( သောကြာနေ့ )
မနေ့က အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ထိုင်း- မြန်မာနယ်စပ်နား က တာ့ခ်ခရိုင်ဘက်မှာ တိုက်ပွဲတွေကနေ လက်နက်ကြီးကျည်တွေနဲ့ သေနတ်ကျည်တွေ စင်ထွက်လာပြီး ထိုင်းဘက်ခြမ်း မဲဆောက်ဘက်ကို ကျရောက်ပေါက်ကွဲတာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလို ကျရောက်လို့ ထိုင်းအိမ်ခြေ ၂၀ ကျော် ထိခိုက်ပျက်စီးသွားပြီး ထိုင်းအမျိုးသမီးတစ်ယောက်လည်း ထိခိုက်ဒဏ်ရာ ရသွားခဲ့တာကြောင့် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက်ကို သတိပေးလက်နက်ကြီး နှစ်ချက် ပစ်ခတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲတွေဖြစ်ပွားခဲ့တာကတော့ မြန်မာဘက်ခြမ်း မြဝတီမြို့နယ်၊ မင်းလက်ပန်ရွာနားနဲ့ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ်၊ မဟာဝမ်ခရိုင်ခွဲတို့ တစ်ဖက်နဲ့တစ်ဖက် မျက်နှာချင်းဆိုင်လို ဖြစ်နေတဲ့နေရာတွေမှာပါ။ အဲဒီမှာ မြန်မာစစ်တပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အပြန်အလှန် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးတွေနဲ့ပါ အပြတ်အသတ် ပစ်ခတ်နေကြတာပါ။
အဲဒီလို ပစ်ခတ်နေတုန်း မဟာဝမ်ဒေသမှာ နေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်လမ်ယောင်ဆိုတဲ့ ထိုင်းအမျိုးသမီးရဲ့အိမ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီအချိန်မှာ သူက အိမ်ထဲမှာပဲ ပုန်းခိုနေတုန်း ကျည်ကျလာလို့ မီးလောင်ပြီး အိမ်လည်း ထိခိုက်ပျက်စီးသွားခဲ့သလို သူ့ရဲ့လက်နဲ့ ကျောဘက်တွေမှာလည်း ဗုံးစထိမှန်တဲ့ ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။
သူ့ကိုတော့ မဲဆောက်ဆေးရုံကို ချက်ချင်းပို့ဆောင် ကုသပေးခဲ့ရပြီး အခုတော့ အခြေအနေ သက်သာလုံခြုံသွားပြီလို့ သိရပါတယ်။ အဲ့ဒီအပြင် အိမ်မှာ အိပ်ပျော်နေတုန်း အမိုးပြားကို ကျည်ဆံထိမှန်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်လည်း ကံကောင်းလို့ ဒဏ်ရာပြင်းထန်စွာ မရခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီလို ဖြစ်ပွားပြီးနောက် ထိုင်းဘက်ခြမ်း ရာချာမာနူးတပ်ဖွဲ့က စစ်စည်းကမ်းချက်တွေနဲ့အညီ မနက် ၆ နာရီလောက်မှာ သတိပေးတဲ့အနေနဲ့ မီးခိုးဗုံးတစ်လုံးနဲ့ အလင်းပြဗုံးတစ်လုံးကို ပစ်ခတ် သတိပေးခဲ့ပါတယ်။ တစ်ဖက်နိုင်ငံက တပ်ဖွဲ့တွေအနေနဲ့ လက်နက်သုံးတဲ့အခါ ပိုပြီး သတိထားဖို့နဲ့ ထိုင်းနယ်စပ်ဘက်ကို ကျည်တွေ မကျရောက်လာအောင် ရည်ရွယ်ပြီး အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။
Ref: Thaiger
#News #Myanmar