Myanmar National Post

ကချင်ပြည်နယ်ဝန်ကြီးချုပ် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်၊ မြစ်ကြီးနားမြို့၌ ကချင်ရိုးရာကောက်သစ်စားပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး


မြစ်ကြီးနား၊ အောက်တိုဘာ ၃၁

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် ပုံစံ(၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်သူ့စစ်မှုထမ်း သတ်မှတ်ကာလအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် စစ်သည် (ပြည်သူ့စစ်မှုထမ်း) ၅၁၈ ဦးတို့အနေဖြင့် နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဥပဒေကို လေးစားလိုက်နာပြီး တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသည့်သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ဆက်လက်ပြီး မိမိတို့နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ဆက်လက်၍ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးက ပြည်သူ့စစ်မှုထမ်း သတ်မှတ်ကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ မြစ်ကြီးနားတပ်နယ် တပ်နယ်မှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က သတ်မှတ်ကာလအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် စစ်သည်များအား ပြည်သူ့စစ်မှုထမ်းတံဆိပ် တပ်ဆင်ပေးခြင်း၊ ထောက်ပံ့ချီးမြှင့်ငွေ၊ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် ပုံစံ(၁၂)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတိုင်းမှူး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တပ်မတော်အရာရှိကြီးများက ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည့် ပြည်သူ့စစ်မှုထမ်းစစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့သည် စီတာပူမနောကွင်းအတွင်း ဖွင့်လှစ်ပြသရောင်းချလျက်ရှိသည့် သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် တတိယနေ့ ပြုလုပ်ကျင်းပရောင်းချနေမှုကို သွားရောက်အားပေးကြသည်။

ထိုသို့ သွားရောက်အားပေးရာတွင် မနောကွင်း မဂျွယ်ခန်းမရှေ့၌ ပြသထားသည့် စိုက်ပျိုးရေးဦးစီးဌာန၏ ဒေသထွက်သီးနှံပြခန်း၌ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်းများမှ  အိမ်ထောင်စုများ၊ လူမှုကူညီရေးအသင်းအဖွဲ့များအတွက် ဟင်းသီးဟင်းရွက်သီးနှံ အမယ်စုံတို့ကိုပေးအပ်ကြပြီး သစ်တောဦးစီးဌာန၏ ဒေသထွက် သစ်၊ ဝါး၊ ကြိမ် အချောထည်အရောင်းပြခန်း၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)၏ ကျောက်စိမ်း၊ ကျောက်မျက်အချောထည်ပြခန်း၊ မြစ်ကြီးနားတက္ကသိုလ်မှ ဘာသာရပ်အလိုက် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် မဂျွယ်ခန်းမအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ၏ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်နှင့် ကျောက်စိမ်း၊ ပယင်းနှင့် လက်ဝတ်ရတနာအချောထည် အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ထွက်ကုန်ပစ္စည်းများအား ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်ပါမောက္ခဌာနမှူးနှင့် နည်းပြများ၊ အခြေခံပညာဆရာ/ဆရာမများနှင့် ပွဲတော်လာရောက်သည့် ဒေသခံပြည်သူများအတွက် ဝယ်ယူဖြန့်ဝေပေးကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သွားမည့် ကချင်ရိုးရာကောက်သစ်စားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုပြုလုပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ကချင်ရိုးရာကောက်သစ်စားပွဲတော်အား ရိုးရာအစဉ်အလာမပျက်၊ စည်ကားသိုက်မြိုက်စွာ၊ အေးချမ်းပျော်ရွှင်စွာ ကျင်းပပြုလုပ်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ တာဝန်ရှိသူများက မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့် ကချင်ရိုးရာကောက်သစ်စားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့နံနက် ၆ နာရီကလည်း မြစ်ကြီးနားမြို့ ပလနကျေးရွာအုပ်စု ငွေပျော်စံပြကျေးရွာအနီးရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးသိန်းဟန်နှင့် အစုအဖွဲ့များ၏ ကြက်မွေးမြူရေးခြံသို့သွားရောက်ပြီး အသားတိုးကြက်များ မွေးမြူထားရှိမှုနှင့် ကြက်ခြံသစ်တိုးချဲ့တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပလန-၅ ကျေးရွာအတွင်းရှိ ငါးမွေးမြူရေးကန်ဟောင်းနေရာအား ငါးကန်များ ပြုပြင်ထိန်းသိမ်းပြီး ငါးများမွေးမြူဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်အစာနှင့် ငါးသားပေါက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post