
အောက်တိုဘာ - ၃၁ ( စနေနေ့ )
ကမ္ဘာ့တိုက်ကြီး (၅) တိုက်က သင်္ဘောဆိပ်ကမ်း အလုပ်သမားတွေဟာ အစ္စရေးရဲ့ လက်နက်သယ်ယူ ပို့ဆောင်မှုတွေ၊ အမေရိကန် စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းတွေနဲ့ အရပ်ဘက် ဆိပ်ကမ်းတွေကို စစ်ဘက်ဆိုင်ရာ အသွင်ပြောင်းလာတာတွေကို တိုက်ဖျက်ဖို့အတွက် စစ်ဆန့်ကျင်ရေး သပိတ်စစ်ဆင်ရေးကို ညီညွတ်စွာ စတင်လိုက်ကြပါပြီ။
စီစဉ်သူတွေရဲ့ အဆိုအရ နိုင်ငံနဲ့ ဒေသပေါင်း (၂၂) ခုက ဆိပ်ကမ်း (၁၁၃) ခုမှာ သမဂ္ဂပေါင်း (၂၅) ခုထက်မက တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြပြီး သောကြာနေ့မှာတော့ မကြုံစဖူး နိုင်ငံတကာ လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်နေကြပါတယ်။ ဒီလှုပ်ရှားမှုမှာ (၂၄) နာရီ သပိတ်မှောက်တာတွေ၊ အချိန်တို လုပ်ငန်းခွင်ရပ်ဆိုင်းတာတွေ၊ ပိတ်ဆို့တာတွေနဲ့ ထောက်ခံပွဲတွေ ပါဝင်ပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဥရောပက အဓိက ဆိပ်ကမ်းတွေကတော့ အီတလီက ဂျီနိုအာ ၊ ပြင်သစ်က မာဆေး နဲ့ လေဟာဗေး ၊ ဂျာမနီက ဟမ်းဘတ် ၊ စပိန်က ဗလင်စီယာ ၊ ဘာစီလိုနာ နဲ့ ဂရိ က ပီရေရပ်စ် တို့ ဖြစ်ပါတယ်။ ဥရောပအပြင်ဘက်မှာလည်း မော်ရိုကိုနိုင်ငံက တန်ဂျာ မက် ၊ အိန္ဒိယက နာဗာ ရှီဗာ နဲ့ ချန်နိုင်း၊ အမေရိကန်က အုတ်ကလန်းနဲ့ ဆန်ဖရန်စစ္စကို ဆိပ်ကမ်းတွေမှာ ဆန္ဒပြဖို့ စီစဉ်ထားပြီး တူရကီ၊ ဆိုက်ပရပ်စ်၊ ဆွီဒင်၊ ဒိန်းမတ်၊ အိုင်ယာလန်၊ ပေါ်တူဂီ၊ ဘရာဇီး၊ မက္ကဆီကိုနဲ့ ဩစတြေးလျတို့မှာလည်း ဆက်လက် လှုပ်ရှားသွားမှာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံက CGT ဆိပ်ကမ်းသင်္ဘောကျင်းသမဂ္ဂက ဆိပ်ကမ်း (၂၄) ခုမှာ (၂၄) နာရီ သပိတ်မှောက်ဖို့ ခေါ်ဆိုထားပြီး အီတလီရဲ့ USB သမဂ္ဂကလည်း မြို့ပေါင်း (၄၀) ကျော်မှာ ဆန္ဒပြမှုတွေနဲ့အတူ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေသပိတ်ကို ကြေညာထားပါတယ်။ ဂျာမနီ၊ ဂရိ၊ စပိန်၊ အိန္ဒိယနဲ့ အမေရိကန်က သမဂ္ဂတွေလည်း ပါဝင်လှုပ်ရှားနေကြပါတယ်။
ဂရိနိုင်ငံရဲ့ အကြီးဆုံးဆိပ်ကမ်းဖြစ်တဲ့ ပီရေရပ်စ် က ဆိပ်ကမ်းအလုပ်သမားတွေဟာ ဒီလှုပ်ရှားမှုမှာ ပထမဆုံး ပါဝင်ခဲ့ကြတဲ့သူတွေထဲမှာ ပါဝင်ပြီး GMT စံတော်ချိန် မနက် ၈ နာရီကနေ ၁၁ နာရီအထိ (၃) နာရီကြာ လုပ်ငန်းခွင်ရပ်ဆိုင်းခဲ့ကြပါတယ်။ အခြားသော ဂရိရေကြောင်းသမဂ္ဂတွေကလည်း ဆိပ်ကမ်း (၇) ခုအထိ သက်ရောက်မှုရှိမယ့် (၂၄) နာရီ သပိတ်တွေကို ကြေညာခဲ့ကြတာကြောင့် နိုင်ငံရဲ့ ကျွန်းတွေဆီ သွားလာနေတဲ့ ကူးတို့သင်္ဘော ဝန်ဆောင်မှုတွေလည်း ထိခိုက်မယ့်အရေး ခြိမ်းခြောက်ခံနေရပါတယ်။
REF: RT
#News #Myanmar