Myanmar National Post

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ဖလမ်း၊ အောက်တိုဘာ ၃၁

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ အောက်တိုဘာ(၃၀)ရက်တွင် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဖလမ်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးနှင့် မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ရုံးအဆောက်အဦ ပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ တောင်ဇလပ်ရိပ်သာ ပြုပြင်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတာဝန်ခံများနှင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့က လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဖလမ်းမြို့တွင်း အများပြည်သူ အပန်းဖြေနေရာနှင့် အားကစားပြုလုပ်သည့်နေရာများဖြစ်သည့် ဖါရ်ထောာက်ရပ်ကွက်ရှိ ဟရန်ထီးယိုးဘောလုံးကွင်းတွင် ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရန်နှင့် ကျင်မွာလ်ရပ်ကွက်၊ လွတ်လပ်ရေးကျောက်တိုင်ရှိ View Point နေရာတွင် အများပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန်နှင့် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နိုင်ရန် လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှု ညွှန်ကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်‌ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဒေသခံများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့၏ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၊ View Point လမ်းတစ်လျှောက် လမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင်ရွက်နေမှု၊ လမ်းမဘေးသစ်ပင်များ အလင်းဖွင့်ရှင်းလင်းနေမှု၊ View Point သွားရာလမ်းတစ်လျှောက်နှင့် View Point အား အများပြည်သူအပန်းဖြေနိုင်ရန် သန့်ရှင်းရေးဆောင်ရွက်နေမှုအားလည်းကောင်း၊ ဖါရ်ထောက်ရပ်ကွက် ဟရန်ထီယိုးဘောလုံးကွင်းအား JCB စက်ကြီးဖြင့် မြေနေရာပြုပြင်နေမှုနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post