
တောင်ငူမြို့နယ်လုံးဆိုင်ရာ ၉၅ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲကို လာမည့် တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ယခင်နှစ်များနှင့်မတူပဲ စည်ကားသိုက်မြိုက်စွာ အပူဇော်ခံလှည့်လည်မည်ဖြစ်ကြောင်း နှစ်ကျိပ်ရှစ်ဆူဘုရားများ ကိန်းဝပ်စံ ပယ်တော်မူသော ကေလဇာတီဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
လာမည့် တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့တွင် ကျင်းပမည့် ၉၅ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲကို ရှေးယခင်ကကဲ့သို့ စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ပွဲတော်ကျင်းပရေး ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြပြီး လှည့်လည်မည့်လမ်းကြောင်းနှင့် အခြားအသေးစိတ်အစီအစဉ်များ ကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကေလဇာတီဘုရား ဂေါပကအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလမှစတင်၍ ၂၀၂၅ ခုနှစ်အထိ တီးဝိုင်းဖျော်ဖြေရေးအစီအစဉ်များ မပါဝင်တော့ဘဲ မော်တော်ယာဉ်တစ်စီးလျှင် ရုပ်ပွားတော် သုံးဆူ သို့မဟုတ် ခုနစ်ဆူစီ စုပေါင်းပင့်ဆောင်ကာ အကျဉ်းရုံး၍သာ ပူဇော်ပွဲကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ ယခုနှစ် ၉၅ ကြိမ်မြောက်ပွဲတော်တွင်မူ ယခင်နှစ်များကဲ့သို့ စတိတ်ရှိုး ဖျော်ဖြေရေးယာဉ်များ ပါဝင်လာနိုင်ဖွယ်ရှိပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်နေကြောင်း သိရသည်။
“၁၉၃၁ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ်မှာ ၉၅ ကြိမ်မြောက်ရှိပါပြီ။ ကိုဗစ်ကာလကစပြီး ၂၀၂၅ ခုနှစ်အထိ အကျဉ်းရုံးကျင်းပခဲ့ရပါတယ်။ ဒီနှစ်မှာတော့ စတိတ်ရှိုးကားတွေ ပါလာဖို့များပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က ရန်ကုန်က နာမည်ကြီးအဆိုတော်တွေကို ငှားရမ်းပြီး ဘုရားလှည့်လည်ပူဇော်ကြတာ မိုးလင်းတဲ့ အထိပါပဲ။ ၁၉၇၂ ခုနှစ်က ရေဒီယိုအဆိုတော် ဓနုဖြူစိုးသိန်း၊ တင်တင်မြ၊ ချစ်စပယ်၊ ချိုပြုံးတို့အပြင် မင်းအောင်၊ အနိုင်၊ မေဆွိ၊ မြန်မာပြည်သိန်းတန်၊ ချစ်ကောင်း၊ နော်လီဇာတို့လည်း တောင်ငူမှာ လာရောက်သီဆိုဖျော်ဖြေ ခဲ့ဖူးပါတယ်” ဟု ပွဲတော်ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် တာဝန်ရှိသူတစ်ဦးက ဆိုသည်။
တောင်ငူမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲ ကျင်းပရာတွင် တောင်ငူမြို့ပေါ်ရှိ ရပ်ကွက်အသင်းအဖွဲ့ ၂၈ ခုက မိမိတို့ ပင့်ဆောင်ခွင့်ရရှိသည့် ဘုရားများကို ပွဲတော်မတိုင်မီ သုံးရက်ခန့် ကြိုတင်ပင့်ဆောင်ပူဇော်ထားကြရကြောင်း သိရသည်။
ထို့နောက် တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့ ညနေပိုင်းမှစတင်၍ နှစ်ကျိပ်ရှစ်ဆူဘုရားများကို ဒေသစာရီကြွချီအပူဇော်ခံကြရာတွင်
အောင်စည်အောင်မောင်းတီးခတ်ခြင်း၊ အလံကိုင်အဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များနှင့် စည်တော်ကြီးအက အဖွဲ့တို့က ဦးဆောင်ပြီး ဘုရားကားများ၊ အလှပြယာဉ်များ၊ မြေဝိုင်းအကများ၊ အိုးစည်ဒိုးပတ်အတီးအမှုတ်နှင့် အကအခုန်များဖြင့် တောင်ငူမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း သတ်မှတ်လမ်းကြောင်းအတိုင်း စီတန်းလှည့်လည် အပူဇော်ခံကြကြောင်း သိရသည်။
တောင်ငူနှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်သည် မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်ကတည်းက မြို့သူမြို့သားများ၏ သဘောဆန္ဒဖြင့် စတင်ကျင်းပလာခဲ့သည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး ယခုနှစ် ၂၀၂၆ တွင် ၉၅ ကြိမ်မြောက် ကျင်းပနိုင်ခြင်းဖြစ်ပြီး အဆိုပါပွဲတော်သည် မြန်မာနိုင်ငံတွင် ပျဉ်းမနားမြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ပြီးလျှင် ဒုတိယအကြီးကျယ်ဆုံးပွဲတော်တစ်ခုအဖြစ် လူသိများကြောင်း သိရသည်။