
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ၍ အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ထိန်းသိမ်းနိုင်မည့် နည်းလမ်းများနှင့် အာဆီယံထိပ်သီးအစည်းအဝေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာ ပရဲညိုလာဇာရိုအား အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးတို့သည် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေး မူဘောင်အောက်တွင် နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များ၊ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ ပိုမိုခိုင်မာစေရေးနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အာဆီယံမူဘောင်အောက်တွင် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ထိန်းသိမ်းနိုင်မည့် နည်းလမ်းများ၊ မကြာမီကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရ၏ “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုရရှိရေး” အတွက် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ထားရှိကာ အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများ၊ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုများ၊ ပြည်ပမှ လက်ခံရရှိသည့် လူသားချင်းစာနာမှု အကူအညီများအပြင် အစိုးရအနေဖြင့် မိမိတို့၏ အရင်းအမြစ်များကို အသုံးပြု၍ ပြည်သူများအတွက် ကူညီပံ့ပိုးပေးနေမှုများ၊ ပြည်တွင်းရှိ ပြည်သူများ နှင့် ပြည်ပ ရှိ မြန်မာနိုင်ငံသားများကို ကူညီစောင့်ရှောက်ပေးမှုများနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တာဝန်သိအဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံမူဘောင် အောက်တွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့်ပတ်သက်၍ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ အလေးထား ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်သည့် နောက်ဆုံးခရီးစဉ်အတွင်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အကူအညီ လိုအပ်သူများထံသို့ အကူအညီပေးအပ်ရေး လုပ်ငန်းစဉ်များကို လေ့လာကြည့်ရှုခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ယခုခရီးစဉ်အတွင်း လေ့လာသိရှိခဲ့ရမှုများကို မကြာမီ ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများကို ပြန်လည်ဖော်ဆောင်နိုင်မည့် မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရန်နှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ ပိုမိုပေးအပ် နိုင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံ မူဘောင်အောက်တွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက် ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ MGallery Sofitel ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။