Eleven Media Group

■ ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ဝင်ရောက်တိုက်ခိုက်နေသည့် ကိုလံဘီယာနိုင်ငံသား ၂၅၀ ကျော် သေဆုံး

ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း နှစ်ဖက်စလုံးတွင် ပါဝင်တိုက်ခိုက်နေသည့် ကိုလံဘီယာနိုင်ငံသားများအနက် ၂၅၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀၀ နီးပါး ပျောက်ဆုံးနေကြောင်း ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုလံဘီယာ နိုင်ငံသားများသည် လက်နက်ကိုင် တိုက်ပွဲများတွင် အတွေ့အကြုံ ရင့်ကျက်မှုကြောင့် ကမ္ဘာတစ်ဝန်းရှိ စစ်ပွဲများတွင် ငှားရမ်းခေါ်ယူခြင်း ခံရလေ့ရှိပြီး ထောင်နှင့်ချီသည့် ကိုလံဘီယာနိုင်ငံသားသည် ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ဆွဲသွင်းခြင်းခံခဲ့ရသည်။

ယူကရိန်းဘက်တွင် ကိုလံဘီယာ နိုင်ငံသား ၁၆၂ ဦး သေဆုံးခဲ့ပြီး ၆၆၆ ဦး ပျောက်ဆုံးလျက်ရှိကာ၊ ရုရှားဘက်တွင်မူ ၉၄ ဦး သေဆုံးပြီး ၂၉၇ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဒုတိယဝန်ကြီး ပက်ဒရို ဩဂတ်စတင် ရိုအာက ကိုလံဘီယာ နိုင်ငံသားများအနေဖြင့် ပြည်ပရှိ အလုပ်အကိုင် ကမ်းလှမ်းမှုများ၊ အထူးသဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများနှင့် ဆက်စပ်နေသည့် ကမ်းလှမ်းမှုများကို အထူးအလေးထား သတိပြုကြရန် တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတကာ လက်နက်ကိုင် ပဋိပက္ခများတွင် ပါဝင်ရန်အတွက် နိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်သူများအတွက် စစ်မက်ဖြစ်ပွားရာ ဒေသများ၌ ကောင်စစ်ရေးရာ အကာအကွယ်နှင့် အကူအညီ ပေးအပ်နိုင်မှုများတွင် ကန့်သတ်ချက်များ ရှိနေသည်ဟု ၎င်းက ပြောဆိုခဲ့သည်။

.ယူကရိန်းသည် ပြည်ပနိုင်ငံသားများအား ယူကရိန်းတပ်ဖွဲ့များအတွင်း စစ်မှုထမ်းရန် စည်းရုံးသိမ်းသွင်းခြင်း၏ တရားဝင်ကြောင်း ကာကွယ်ပြောဆိုထားသော်လည်း၊ ရုရှားကမူ မိမိတို့၏ ကျူးကျော်စစ်ကို အထောက်အကူပြုရန် တပ်သားသစ် စုဆောင်းရေး ကွန်ရက်များနှင့် ဆက်စပ်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားသည်။

သစ်တောများနှင့် တောင်တန်းဒေသများအတွင်း အင်အားကြီးမားသော သူပုန်အဖွဲ့များနှင့် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများကို ရင်ဆိုင်ရန် ဆယ်စုနှစ်များစွာ လေ့ကျင့်သင်ကြားခဲ့ရသည့် ကိုလံဘီယာ စစ်သားများသည် စစ်မှုထမ်းသက် ပြည့်မြောက်၍ အနားယူပြီးနောက် အခြားသော အလုပ်အကိုင်များကို ရှာဖွေရန် ရုန်းကန်ကြရလေ့ ရှိသည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ မြင့်မားသော လစာငွေနှင့် လုံခြုံရေးဆိုင်ရာ ကတိကဝတ်အမှားများဖြင့် မက်လုံးပေး ဖျားယောင်းခြင်း ခံရကာ၊ ပြည်ပနိုင်ငံများ၌ သွားရောက် တိုက်ခိုက်နေကြသည့် ကိုလံဘီယာ ကြေးစားစစ်သား အနည်းဆုံး ၁၀၀၀၀ ခန့် ရှိကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလအတွင်းက ထုတ်ပြန်ခဲ့သော ကိုလံဘီယာအစိုးရ အချက်အလက်များအရ ပြည်ပနိုင်ငံများသို့ သွားရောက်တိုက်ခိုက်နေသည့် ကိုလံဘီယာနိုင်ငံသားများအနက် အနည်းဆုံး ၇၀၀၀ ခန့်မှာ ရုရှား-ယူကရိန်း စစ်ပွဲအတွင်းသို့ ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group