
ယနေ့ အောက်တိုဘာလ (၃၀) ရက် နံနက် (၁၀) နာရီအချိန်က မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ပထမနေ့)တွင် မွန်ပြည်နယ်အစိုးရအဖွဲ့အဝင် လုံ/နယ်ဝန်ကြီးအသစ်ဖြစ်လာမည့် ဗိုလ်မှူးကြီးရဲထွဋ်သည် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဌရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းပြုလုပ်ခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပေးပို့ထားသည့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးမည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းနှင့်စပ်လျဥ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံ/နယ်ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးရဲထွဋ်အား ခန့်အပ်တာဝန်ပေးရန် ပြည်နယ်လွှတ်တော်က သဘောတူသည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂ ပုဒ်မခွဲ - င အရ နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြသွားရန် အသိပေးအပ်ကြောင်း နှင့် နိုင်ငံတော်သမ္မတထံထံမှ ပြည်နယ်လုံ/နယ်ဝန်ကြီးအဖြစ် ခန့်အပ်လွှာရရှိသည့်အခါတွင် ကတိသစ္စာပြုသည့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဌဦးသက်ထွေး ကပြောကြားသည်။
ထို့နောက် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) (ဒုတိယနေ့)ဆက်လက်ကျင်းပမည့် နေ့ရက်ကို အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံ/နယ်ဝန်ကြီးအသစ်ဖြစ်လာမည့် ဗိုလ်မှူးကြီးရဲထွဋ်သည် ကိုယ်ပိုင်အမှတ် ကြည်း ၃၀၂၇၈ ဖြစ်ပြီး အလုပ်သင်ဗိုလ်လောင်း အမှတ်စဉ် (၂၅) မှဖြစ်ကြောင်း၊ ရတခ (မော်လမြိုင်) တွင် စစ်မှုထမ်း အရန်အင်အား/ရတခ (တွဲဖက်) အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ ဇာတိဖြစ်ကြောင်း သိရသည်။