Eleven Media Group

ဟင်္သာတခရိုင်တပ်ရင်း(၃) PDF အဖွဲ့မှ တပ်ရေးတာဝန်ခံတစ်ဦးကို ရန်ကုန်မြို့တွင် ဖမ်းဆီး

ဟင်္သာတခရိုင်တပ်ရင်း(၃) PDF အဖွဲ့မှ တပ်ရေးတာဝန်ခံတစ်ဦးကို ရန်ကုန်မြို့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ဟင်္သာတခရိုင် တပ်ရင်း(၃)အမည်ခံ PDF အဖွဲ့မှ တပ်ရေးတာဝန်ခံအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေအား လမ်းမတော်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ် မေလမှဇွန်လအထိ KNU အဖွဲ့၏ တပ်မဟာ(၇)သို့ သွားရောက်၍ စစ်သင်တန်းတက်ရောက်ခဲ့ပြီး တပ်မဟာ(၇)၊ ဟင်္သာတခရိုင်တပ်ရင်း(၁)၊ ဧရာဝတီရိုးမစစ်ကြောင်းနှင့် ဟင်္သာတခရိုင်တပ်ရင်း(၃)တို့တွင် ရုံးတာဝန်ခံ၊ တပ်ရေးတပ်ထောက်တာဝန်များတွင် ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်မြို့သို့ပြန်လာခဲ့ပြီး ရန်ကုန်မြို့၌ ဟင်္သာတခရိုင်တပ်ရင်း(၃)၏ အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေသည် ဟင်္သာတခရိုင်တပ်ရင်း(၃)တွင် တပ်ရေးတာဝန်ခံအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ အင်အားစာရင်းများပြုစုခြင်း၊ ထောက်ပံ့ငွေအလွှဲ/အပြောင်းများအား ဆောင်ရွက်ပေးခြင်း၊ နေ့စဉ်ပြန်တမ်းများပေးပို့ခြင်း၊ ထိခိုက်ကျဆုံး/ဒဏ်ရာရစာရင်းများ ပေးပို့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ဟင်္သာတခရိုင်တပ်ရင်း(၃)၏ ထောက်ပံ့ဝင်ငွေ/ထွက်ငွေကိစ္စရပ်များအား အွန်လိုင်းငွေကြေးဝန်ဆောင်မှုစနစ်များအသုံးပြု၍ လွှဲပြောင်း/လက်ခံခြင်း ပြုလုပ်ခဲ့ကြောင်း၊ ၎င်းထံသို့ MOD မှ သုံးလလျှင်တစ်ကြိမ်ပေးပို့သည့်လစာများနှင့် အားပေးထောက်ခံသူများမှ ပေးပို့သည့်ငွေများအား PDF အဖွဲ့ ဟင်္သာတခရိုင်တပ်ရင်း(၃)မှ တပ်ရင်းမှူးအဆင့်ရှိ ရဲကျော်သူ(ခ)ရဲခေါင်၏အစီအစဉ်ဖြင့် ပြန်လည်လွှဲပြောင်းပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူ ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group