
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ် ပေါ်ကျွဲကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါမြို့နယ်အတွင်း စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်စန်မြို့နယ် ပေါ်ကျွဲကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၇၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသည့် တရားမဝင် ထိုင်းနိုင်ငံသား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၈ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၃၀ ပေ အနံ ၁၅ ပေ ယာယီလူနေတဲ ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၀ ပေ ယာယီလူနေတဲ ၂ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေ ယာယီအလုပ်ရုံတဲ ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၀ ပေ ယာယီစားချက်ဆောင် ၁ လုံး၊ Star Link ၂ လုံး၊ ALL In One Computer ၇ လုံး၊ Color Printer တစ်လုံး၊ ဖုန်းမျိုးစုံ ၁၆ လုံး၊ CPU(မကောင်း) နှစ် လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါအွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။