




ရန်ကုန်၊ နိုဝင်ဘာ ၁
၂၀၂၆ - ၂၀၂၇ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဓာတ်မြေဩဇာ၊ စပါးမျိုးစေ့၊ ဆီထွက်သီးနှံ နေကြာမျိုးစေ့နှင့် ပဲပုပ်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က တွံတေးခရိုင်၊ တွံတေးမြို့နယ် ကုလားတန်းကျေးရွာတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင် က အဖွင့်အမှာစကား ပြောကြားရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်း (Agro-based Industry) တည်ဆောက်နိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းမြှင့်တင်ပြီး စပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် စိုက်ပျိုးရေး၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) နှင့် ခေတ်မီလယ်ယာသုံး စက်ကိရိယာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးတို့အပြင် ပြည်တွင်းဖူလုံရေးမှသည် ပြည်ပသို့ ဆန်စပါး ပိုမိုတင်ပို့နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ဝန်ကြီးက တိုက်တွန်းမှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးနှင့် တာဝန်ရှိသူများက တွံတေးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံသို့ ဓာတ်မြေဩဇာ၊ စပါးမျိုးစေ့၊ ဆီထွက်သီးနှံ နေကြာမျိုးစေ့နှင့် ပဲပုပ်မျိုးစေ့များကို ပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့သည် တွံတေးမြို့နယ်၊ ကုလားတန်းကျေးရွာအုပ်စု၊ တောင်သူ ဦးစိုးနိုင် (ခ) ဦးအောင်မြင့်စိန် ၏ လယ်မြေတွင် စိုက်ပျိုးထားသည့် မိုးစပါး စံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးကြသည်။
#News #Myanmar