Eleven Media Group

ပခုက္ကူဆန်ဈေးကွက်အတွင်း ရွှေဘို၊ စလင်းနယ်ထွက်ဆန်များ ဈေးမြင့်တက်နေပြီး တစ်အိတ်လျှင် ကျပ်နှစ်သိန်းခွဲဝန်းကျင်အထိ ရောက်ရှိ

ပခုက္ကူဆန်ဈေးကွက်အတွင်း ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ရွှေဘို၊ စလင်းနယ်ထွက် ဆန်များ ဈေးနှုန်းဆက်လက်မြင့်တက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ လလယ်ပိုင်းအထိ ရွှေဘို ၊ စလင်းနယ်ထွက် ထိပ်စဆန်တစ်အိတ် ကျပ်နှစ်သိန်းဝန်းကျင်ဖြင့် ရောင်းချရာမှ ယခုနိုဝင်ဘာလဆန်းပိုင်းတွင် တစ်အိတ်လျှင် ကျပ်နှစ်သိန်းငါးသောင်းဝန်းကျင်ဖြင့် ရောင်းဝယ်ကြကြောင်း သိရသည်။

` စလင်းဆန်စက်က ရောင်းဈေးကိုက ဧရာပဒေသာတစ်အိတ်ကို ရိုးရိုးဆိုရင် နှစ်သိန်း နှစ်သောင်း၊ ပရီမီယံဆိုရင် နှစ်သိန်း သုံးသောင်းဖြစ်နေတယ်။

ပခုက္ကူအရောက်ကို ကားခ အလုပ်သမားခ ခုနစ်ထောင်လောက်ပေါင်းရမယ်။ ပြန်ရောင်းဖို့ကို အတော်ဈေးစဉ်းစားနေရတယ်။ အဝယ်ကျပ် အရောင်းကျပ်ရယ်။ ရွှေဘိုဆန်ဆိုရင် နှစ်သိန်း သုံးသောင်းလောက်နဲ့ ရောင်းသေးတယ်။ လမ်းကြောင်းခက်လို့ လက်ကျန်ကုန်ရင် ထပ်မမှာတော့ဘူး ́ ဟု ပခုက္ကူမြို့မှ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ပခုက္ကူဆန်ဈေးကွက်တွင် မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသထွက် ဆန်းကြမ်း၊ ဆန်ချောများမှာ တစ်အိတ်လျှင် ကျပ် တစ်သိန်း တစ်သောင်းမှ ကျပ် တစ်သိန်း ခုနစ်သောင်းဝန်းကျင်အထိ ရောင်းကြပြီး လက်ရှိတွင် အဆိုပါဆန်များကိုသာ အဓိထားရောင်းဝယ်ကြောင်း သိရသည်။

` အောက်ပိုင်းဆန်တွေလည်း ဈေးတက်တယ်။ ဒါပေမဲ့ ပခုက္ကူမှာ ဈေးသိပ်တက်လို့ မရဘူး။ အရောင်းအဝယ်က အတော်ကျနေတာ။ အနီးနားရွာတွေက

ဟိုက်ဂျက်တို့ လိုက်ထရပ်တို့ သုံးဘီးဆိုင်ကယ်အကြီးတို့ လာမှရောင်းရတာ။ အဲဒါတွေလည်း တစ်စီးမှ ဆန်ငါးလုံးလောက်ပဲ သယ်ရတော့ များများစားစား ရောင်းရတယ်ဆိုတာ မရှိဘူး ́ ဟု ပခုက္ကူမြို့ခံတစ်ဦးက ပြောကြားသည်။

ပခုက္ကူဆန်ဈေးကွက်ကျဆင်းပြီးနောက် ဆန်ကုန်သည်ကြီးအများစုမှာ မန္တလေးမြို့သို့ ရွှေ့ပြောင်းလုပ်ကိုင်ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group