Eleven Media Group

မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး မော်တော်ယာဉ်အချို့ မီးလောင်ပျက်စီး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၇၁ (ဘီ) လမ်း (၃၇ လမ်းနှင့် ၃၈ လမ်းကြား) ရှိ ဘုန်းကြီးကျောင်းတိုက်တစ်ခုအတွင်း နိုဝင်ဘာ ၁ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁ ရက် နံနက် ၁ နာရီ ၃၇ မိနစ်ခန့်တွင် အဆိုပါကျောင်းတိုက်အတွင်း မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သတင်းရရှိသည်နှင့် မီးသတ်တပ်ဖွဲ့က Level 1 ယာဉ်အုပ်စုဖြင့် ချက်ချင်းထွက်ခွာ ငြှိမ်းသတ်ခဲ့သလို ဒေသခံလူမှုကူညီရေးအသင်းများကလည်း အရေးပေါ် ရေဘောက်ဆာယာဉ်များ၊ ကယ်ဆယ်ရေးယာဉ်များဖြင့် ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ယင်းနေ့ နံနက် ၁ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မီးလောင်မှုကြောင့် ကျောင်းတိုက်ဝင်းအတွင်း ရပ်နားထားသည့် မော်တော်ယာဉ်အချို့ မီးစွဲလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကို သက်ဆိုင်ရာ မီးသတ်ဌာနက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သက်ထွန်းအောင်

ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

မူရင်းသတင်း — Eleven Media Group