
အာဏာပိုင်တို့က ဒါကာတစ်ဝိုက် အရေးပါသော စက်မှုအချက်အချာနေရာများကို အနှောင့်အယှက်ပေးသည့် ဆန္ဒပြပွဲများကို ထိန်းချုပ်ရန် ကြိုးပမ်းနေချိန်တွင် ဘင်္ဂလားဒေ့ရှ်က အထည်ချုပ်လုပ်သားများအတွက် အနည်းဆုံးလုပ်ခကို စိစစ်ရန် ဘုတ်အဖွဲ့သစ်ကို နိုဝင်ဘာ ၁ ရက်တွင် ဖွဲ့စည်းလိုက်သည်။
အာဏာပိုင်တို့က ယင်းသို့ဆောင်ရွက်ပေးခဲ့သည့်တိုင် နိုဝင်ဘာ ၁ ရက်က ဒါကာတစ်ဝိုက်ရှိ စက်မှုဇုန် နယ်မြေများတွင် အလုပ်သမားထောင်ပေါင်းများစွာက ဆက်လက်ဆန္ဒပြနေခဲ့သည်။ ထို့ကြောင့် အသံဗုံးများ ခွဲခြင်း၊ မျက်ရည်ယိုငွေ့များဖြင့် ပစ်ခြင်းတို့ ပြုလုပ်ခဲ့သောရဲများနှင့် အလုပ်သမားများ ခိုက်ရန်ဖြစ်ပွားခဲ့သည်။
အထည်ချုပ်ကဏ္ဍသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ပို့ကုန်အားပေးသော စီးပွားရေးတွင် အမာခံကျောရိုးဖြစ်သည်။ အထည်ချုပ်လုပ်ငန်းများက အလုပ်သမားသန်းပေါင်းများစွာကို အလုပ်အကိုင်ပေးထားသည်။ ထို့အပြင် နိုင်ငံ၏ပြည်ပဝင်ငွေအများစုသည် အထည်ချုပ်လုပ်ငန်းမှရရှိခြင်းဖြစ်သည်။
လုပ်ခလစာ ညှိနှိုင်းရေးဘုတ်အဖွဲ့တွင် အစိုးရ၊ အလုပ်သမားများ၊ စက်ရုံပိုင်ရှင်များ၏ ကိုယ်စားလှယ်များ ပါဝင်သည်။
"ကျွန်တော်တို့က ဒီပြဿနာကို အလုပ်သမားခေါင်းဆောင်တွေ၊ စက်ရုံပိုင်ရှင်တွေနဲ့ ဆွေးနွေးနေတာ သုံးရက်ရှိပါပြီ"ဟု ဒါကာ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားဝန်ကြီး အာရီဖူးဟာကေး ချူဒူရီက ပြောကြားခဲ့သည်။
"အစိုးရကို မတည်မငြိမ်ဖြစ်အောင်လုပ်နေပြီး ပြည်သူဒုက္ခရောက်တာကိုဖြစ်စေဖို့ ကြိုးပမ်းနေတဲ့ စိတ်တူ ကိုယ်တူ လူတစ်စုဟာ ကျွန်တော်တို့ရဲ့အလုပ်သမားတွေကို အမြတ်ထုတ်အသုံးချနေပါတယ်"ဟု သူက ဖြည့်စွက်ပြောခဲ့သည်။ ဘုတ်အဖွဲ့သစ်ကို ဖွဲ့စည်းထားကြောင်းသူက ကြေညာခဲ့ပြီး အလုပ်သမားများ စက်ရုံများသို့ ပြန်ကြရန် တိုက်တွန်းခဲ့သည်။
အလုပ်သမားခေါင်းဆောင်များက ၎င်းတို့၏မကျေနပ်ချက်များသည် ဘုတ်အဖွဲ့ ဖွဲ့စည်းခြင်းထက် ကျော်လွန် နေသည်ဟု ပြောကြားခဲ့သည်။ ငွေကြေးဖောင်းပွမှုနှင့် နေထိုင်စရိတ်များ မြင့်တက်လာသည်ဟု အလုပ်သမား ခေါင်းဆောင်များက ပြောကြားသည်။
အလုပ်သမားများသည် လက်ရှိတွင် တစ်လကို တာကာ ၁၃,၀၀၀(၁၀၆ ဒေါ်လာ)ရရှိနေသည်ဟု အလုပ်သမား များစည်းလုံးညီညွတ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်စင်မှ အလုပ်သမားခေါင်းဆောင် Kalpona Akhter ၏ ပြောကြားချက်အရ သိရသည်။
"ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့က တာကာ ၃၀,၀၀၀ အထက်ပေးဖို့ တောင်းဆိုနေတာပါ။ ငွေကြေးဖောင်းပွ မှုနဲ့ နေထိုင်စရိတ် မြင့်တက်လာတာတွေကြောင့် တောင်းရတာဖြစ်ပါတယ်"ဟု Kalpona Akhter က AFP ကို ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ စက်ရုံထောင်ပေါင်းများစွာက ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့ရှိ လက်လီလုပ်ငန်းကြီးများအတွက် တီရှပ်များ၊ ဂျင်းများ၊ ဆွယ်တာများအပါအဝင် အဝတ်အထည်များကို ချုပ်ပေးနေသည်။
Ref:AFP