Yangon Media Group

ကလေးနှင့်ဆယ်ကျော်သက်များတွင် အဝလွန်ခြင်းကို ကုသရန် WHO က ပထမဆုံးအကြိမ် လမ်းညွှန်ချက်ထုတ်ပြန်

#World_Health
Published 03 November 2026

■ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ  အဝလွန်ခြင်းကို ဘယ်လိုစီမံကုသသင့်သလဲဆိုတဲ့ လမ်းညွှန်ချက်တွေကို ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ပါတယ်။

ဒီလမ်းညွှန်ချက်အရ အသက် ၉ နှစ်အောက် ကလေးတွေမှာ ကိုယ်အလေးချိန်လျှော့ချဖို့ ဆေးဝါးအသုံးပြုတာနဲ့ ခွဲစိတ်ကုသတာတွေကို မပြုလုပ်ဖို့ အကြံပြုထားပါတယ်။

■ အသက် ၁၀ နှစ်ကနေ ၁၉ နှစ်အတွင်း ဆယ်ကျော်သက်တွေမှာလည်း အခြေအနေအလွန်ပြင်းထန်တဲ့ လူနာအချို့ကိုသာ ဆေးဝါးနဲ့ ခွဲစိတ်ကုသမှုတွေ အသုံးပြုဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။

■ အခုလို လမ်းညွှန်ချက်တွေ ထုတ်ပြန်လာရတာဟာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ပိုမိုများပြားလာတာကြောင့် ဖြစ်ပါတယ်။

■ Jothydev’s Diabetes and Research Centre ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ Jothydev Kesavadev ကတော့ အဝလွန်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ အရွယ်မရောက်ခင်ကတည်းက ဆီးချို၊ သွေးတိုး စတဲ့ ရောဂါတွေ ဖြစ်လာနိုင်ပြီး အဲဒီနောက်ဆက်တွဲ ပြဿနာတွေနဲ့ တစ်သက်တာ နေထိုင်ရနိုင်တယ်လို့ ပြောပါတယ်။

■ ဒါကြောင့် ငယ်ရွယ်စဉ်ကတည်းက အဝလွန်ခြင်းကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

■ WHO ရဲ့ လမ်းညွှန်ချက်မှာ ဘာတွေပါဝင်သလဲ။

■ WHO ဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဝလွန်ခြင်းကို ထိန်းချုပ်နိုင်ဖို့ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု၊ အပြုအမူပြောင်းလဲရေးအစီအစဉ်တွေ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ဆေးဝါးနဲ့ ခွဲစိတ်ကုသမှု စတာတွေကို လေ့လာသုံးသပ်ပြီး အကြံပြုချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

■ အဓိကအကြံပြုချက်တွေကတော့ -

■ အစားအသောက်ပုံစံ ပြုပြင်ခြင်း – ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို စနစ်တကျ စားသုံးဖို့ အကြံပြုထားပါတယ်။

■ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း – အသက်အရွယ်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ဖို့ အကြံပြုထားပါတယ်။

■ အပြုအမူပြောင်းလဲခြင်း – စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်တွေကို ပြုပြင်ဖို့ အလေးထားထားပါတယ်။

■ ဒီနည်းလမ်းတွေကို တစ်ခုချင်းဖြစ်စေ၊ ပေါင်းစပ်ပြီးဖြစ်စေ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ အဝလွန်ခြင်းကို ထိန်းချုပ်ရာမှာ အသုံးပြုဖို့ WHO က အလေးအနက် အကြံပြုထားပါတယ်

■ အထူးသဖြင့် အသက် ၉ နှစ်အောက် ကလေးတွေမှာ အစာအိမ်အရွယ်အစား လျှော့ချတဲ့ ခွဲစိတ်မှုတွေ၊ GLP-1 အပါအဝင် ကိုယ်အလေးချိန်လျှော့ချတဲ့ ဆေးဝါးတွေကို အသုံးမပြုဖို့ အကြံပြုထားပါတယ်။

■ WHO ရဲ့ အာဟာရနှင့် အစားအသောက်ဘေးကင်းရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Luz María De Regil ကလည်း ဒီဆေးဝါးတွေရဲ့ ရေရှည်ထိရောက်မှုနဲ့ ကလေးတွေအပေါ် သက်ရောက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လုံလောက်တဲ့ အချက်အလက်တွေနဲ့ မသိရှိရသေးဘူးလို့ ရှင်းပြပါတယ်။

■ သုတေသနတွေ ဆက်လက်လုပ်ဆောင်နေပြီး အထောက်အထားအသစ်တွေ ထွက်ပေါ်လာတဲ့အခါ လမ်းညွှန်ချက်တွေကို ပြန်လည်သုံးသပ် ပြင်ဆင်သွားမယ်လို့လည်း ဆိုပါတယ်။

■ အသက် ၁၀ နှစ်ကနေ ၁၉ နှစ်အတွင်း ဆယ်ကျော်သက်တွေမှာရော ဆေးဝါးနဲ့ ခွဲစိတ်ကုသမှု ခွင့်ပြုသလား။

■ ခွင့်ပြုထားပေမဲ့ လူတိုင်းအတွက် မဟုတ်ပါဘူး။

■ အောက်ပါအခြေအနေတွေရှိတဲ့ ဆယ်ကျော်သက်တွေမှာသာ ဆရာဝန်ရဲ့ စနစ်တကျ စစ်ဆေးဆုံးဖြတ်မှုနဲ့ ဆေးဝါး၊ ခွဲစိတ်ကုသမှုတွေကို စဉ်းစားနိုင်ပါတယ်။

■ အဝလွန်ခြင်း အလွန်ပြင်းထန်နေသူများ။

■ အမျိုးအစား (၂) ဆီးချို၊ အင်ဆူလင်ခုခံနိုင်စွမ်း မြင့်တက်ခြင်း စတဲ့ ရောဂါများ တွဲဖက်ဖြစ်ပွားနေသူများ။

■ ဆေးကုသမှုလိုအပ်တဲ့အထိ သွေးတိုးရောဂါ မထိန်းချုပ်နိုင်သူများ။

■ အစားအသောက်နဲ့ လေ့ကျင့်ခန်းအပါအဝင် လူနေမှုပုံစံ ပြောင်းလဲကုသမှုတွေကို အနည်းဆုံး ခြောက်လကြာ ပြုလုပ်ခဲ့ပေမဲ့ ထိရောက်မှုမရှိသူများ။

■ ဆေးဝါးတွေကို ဘယ်လောက်ကြာကြာ သုံးစွဲရမလဲ၊ ဘယ်အချိန်မှာ ရပ်သင့်သလဲ၊ ဆေးပမာဏကို ဘယ်အချိန်မှာ လျှော့ချသင့်သလဲဆိုတဲ့ မေးခွန်းတွေမှာလည်း ကျွမ်းကျင်သူတွေကြား သဘောတူညီမှု မရရှိသေးဘူးလို့ ဒေါက်တာ Luz María De Regil က ပြောပါတယ်။

■ ဒါကြောင့် ဆယ်ကျော်သက်တွေမှာ ဆေးဝါးအသုံးပြုမှုကိုလည်း သတိကြီးကြီးထားဖို့ လိုအပ်ပါတယ်။

■ WHO ရဲ့ ပထမဆုံး ကလေးနှင့် ဆယ်ကျော်သက် အဝလွန်မှုဆိုင်ရာ လမ်းညွှန်ချက်မှာ ဆေးဝါးနဲ့ ခွဲစိတ်ကုသမှုထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုနဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေကို အခြေခံကုသမှုအဖြစ် အလေးထားထားပါတယ်။

■ အထူးသဖြင့် အသက် ၉ နှစ်အောက် ကလေးတွေမှာ ကိုယ်အလေးချိန်လျှော့ဆေးနဲ့ ခွဲစိတ်ကုသမှုတွေကို မပြုလုပ်ဖို့ အကြံပြုထားပြီး ဆယ်ကျော်သက်တွေမှာလည်း အဝလွန်မှု ပြင်းထန်ပြီး နောက်ဆက်တွဲရောဂါတွေ ရှိနေတဲ့ အခြေအနေမျိုးမှာသာ ဆရာဝန်ရဲ့ ကြီးကြပ်မှုနဲ့ စဉ်းစားသင့်တယ်လို့ ဖော်ပြထားပါတယ်။

Source-The Indian Express

မူရင်းသတင်း — Yangon Media Group