Eleven Media Group

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို  နှစ်ရက် တိုးမြှင့်ပြီး ဆုကြေးငွေများကို ယခင်နှစ် ထက် နှစ်ဆ တိုးမြှင့်ပေးထား

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော် ကို နှစ်ရက် တိုးမြှင့်လိုက်ပြီး၊ ဆုကြေးငွေများကိုလည်း ယခင်နှစ် ထက် နှစ်ဆ တိုးမြှင့်ပေးထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြောရေးဆိုခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ပြောကြားသည်။

“တန်ဆောင်တိုင် က ၁၆ ရက် စမယ်။ ၂ ရက်တိုးတာပေါ့။ ပိတ်ပွဲက ၂၅ ရက်ပေါ့။ ဒီနေ့ အစည်းအဝေး ဆုံးဖြတ်ချက် ၂ ရက် ထပ်တိုးတာ မှန်ပါတယ်။ ပျံကျစျေးသည်တွေ အတွက်တော့ နေရာ ရှာပေးဖို့ ပြောထားတယ်။ စီစဉ်နေတယ်။ နေရာ ရရင်တော့ ပြန်ပြောပေးမယ်။ ကားပါကင် စျေး မတက်ဖို့ ဆိုတာတော့ လေလံ ဆွဲကတည်းက စည်းကမ်းချက်ထဲမှာ တစ်တန် အောက်ဆိုရင် တစ်သောင်း နှုန်း ၊ တစ်တန် အထက် ဆိုရင် နှစ်သောင်း သတ်မှတ်ထားတာ ရှိတယ်။ ဆိုင်ကယ် တစ်စီး ငါးထောင် ကျပ်၊ ဒီအတိုင်းပဲ ကောက်ခံရမယ် ဆိုတာ လေလံ စည်းကမ်းထည့်ထားတာ ရှိတယ်။ တကယ်လို့ လေလံ အောင်မြင်တဲ့ ကုမ္ပဏီတွေ မလိုက်နာဘူးဆိုရင် စည်းကမ်းချက် ထဲမှာတော့ နောက်နှစ်တွေမှာ အမည်ပျက် သွင်းပြီး လေလံ ဆွဲခွင့်ကို ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ ဆုကြေးတွေလည်း သာမာန် ပျှမ်းမျှ ဆိုရင် အရင်နှစ်ထက် ၂ ဆ တိုးပါတယ်။ တချို့ ဆို ၂ ဆ ကျော် ပါတယ်။ ဒီနှစ် တန်ဆောင်တိုင်က စည်ကားစွာ ကျင်းပပေးမယ်။ ရပ်နီးရပ်ဝေး ပြည်သူတွေ လည်း ဖိတ်ကြားပြီး လာရောက် ဘုရားဖူးရင်း တန်ဆောင်တိုင်လည်း ပျော်ရွှင်စွာ လာရောက် လေ့လာကြဖို့ ပြောချင်ပါတယ်” ဟု စည်ပင်သာယာရေး ဝန်ကြီး ဦးခွန်ထွန်းဖြူ က ပြောကြားသည်။

ယခင်က တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာလ ၁၈ ရက် လျာထား သော်လည်း ၊ မီးပုံးပျံ အလုံးရေ များခြင်းကြောင့် နိုဝင်ဘာလ ၁၆ ရက် မှ စတင်၍ ဖွင့်ပွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁ ရက် တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ် အစိုးရ အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ သိရသည်။

ထို့ပြင် နေ့လွှတ် အရုပ် မီးပုံးပျံများကိုလည်း နိုဝင်ဘာလ ၁၃ ရက် မှ စတင် လွှတ်တင်သွားမည် ဖြစ်ကာ၊ ဖွင့်ပွဲရက် နိုဝင်ဘာ ၁၆ ရက် တစ်ရက် နေ့လွှတ် ရပ်နားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။

၂၀၂၆ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင် နေ့လွှတ် အရုပ်ပေါင်း ၄၄၉ လုံး ၊ ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး ရှိကာ၊ စုစုပေါင်း မီးပုံးပျံ ၅၆၁ လုံး ရှိကြောင်း သိရသည်။

“ဒီတစ်နှစ် က အလုံးရေ များလာတယ်။ ၂၀၁၂ ခုနှစ် က အများဆုံး ၄၂၃ လုံးပဲ ရှိတာ အဲ့ထက် ၁၃၈ လုံးတောင် များလာတယ်။ နောက်ပြီး ၂၀၁၇ ခုနှစ် မှာ အများဆုံး ညမီးကြီး ၈၈ လုံး၊ စိန်နားပန် ၃၈ လုံး ပေါင်း ၁၂၆ လုံး ရှိခဲ့ဖူးတယ်။ နေ့လွှတ်အရုပ်တွေ များလို့ ရှေ့ ၃ ရက် ကြိုတင်ပြီး လွှတ်တင် ရခြင်း ဖြစ်ပါတယ်”ဟု အမှတ်ပေး အကဲဖြတ် ဒိုင်အဖွဲ့မှ ဦးတင်ဝင်းက ပြောသည်။

မူရင်းသတင်း — Eleven Media Group