Myanmar National Post

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် လွိုင်ကော်မြို့၊ တောင်ကြီးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ နိုဝင်ဘာ ၂

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(လွိုင်ကော်)တို့တွင် လာမည့်ပညာသင်နှစ် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်၌ သင်ကြားသင်ယူများ စနစ်တကျနှင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပင်မဆောင် အကြီးစားပြင်ဆင်ဆောင်ရွက်နေမှု၊ သင်ထောက်ကူပစ္စည်းများ၊ ကွန်ပျူတာခန်း၊ Lab ခန်းနှင့် အလုပ်ရုံတို့ကို ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့သည်။

ညနေပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)ရှိ စာသင်ခန်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းသား ကျောင်းသူအဆောင်များ ပြင်ဆင်ဖြည့်ဆည်းထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများနှင့် ဆရာ ဆရာမများ ကျောင်းဆိုင်ရာများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယမန်နေ့က နည်းပညာတက္ကသိုလ် (တောင်ကြီး)၌ ပင်မဆောင်အကြီးစား ပြင်ဆင်ဆောင်ရွက်နေမှု၊ စာသင်ခန်းများ၊ Standard Lab ခန်းများ ပြင်ဆင်နေရာချထားမှု၊ တည်ဆောက်ရေးလုပ်ငန်းခွင်များ၏ အဆောက်အအုံများ သတ်မှတ်ဇုန်အလိုက် အဆောက်အအုံ တည်ဆောက်ထားရှိမှု၊ ကျောင်းသား ကျောင်းသူအဆောင်၊ ဘောလုံးကွင်း ပြေးလမ်းနှင့် ပွဲကြည့်စင်၊ Recreation Centre တည်ဆောက်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post