
နေပြည်တော်၊ နိုဝင်ဘာ ၂
အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ကိုင်ရိုမြို့တွင် အောက်တိုဘာ ၂၅ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ကျင်းပခဲ့သည့် နဝမအကြိမ် ကိုင်ရို ရေ ရက်သတ္တပတ်အခမ်းအနား (9th Cairo Water Week, 2026)သို့ ပါဝင်တက်ရောက်ခဲ့သည်။
အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်တင်ရှိန်နှင့်အတူ နဝမအကြိမ် ကိုင်ရိုရေ ရက် သတ္တပတ် အခမ်းအနား ၂၀၂၆ ဖွင့်ပွဲ တက်ရောက်သည်။
ဖွင့်ပွဲတွင် အီဂျစ်အာရပ်သမ္မတနိုင်ငံ သမ္မတက ဗီဒီယိုမက်ဆေ့ဖြင့် အမှာစကား ပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသည့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသတွင်းနိုင်ငံများမှ ဝန်ကြီးအဆင့်ရှိသူများနှင့် အီဂျစ်အာရပ်သမ္မတနိုင်ငံ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီးတို့က ဂုဏ်ပြုအမှာ စကားပြောကြားကြကာ အီဂျစ်အာရပ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ဖွင့်ပွဲအမှာစကား ပြောကြားသည်။
ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သမ္မတနန်းတော်တွင် အီဂျစ်အာရပ် သမ္မတနိုင်ငံသမ္မတ အဗ္ဗဒယ်ဖာတတ်အယ်လ်စီစီနှင့် ဝန်ကြီးအဆင့်ရှိ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
ထို့အတူ အခမ်းအနားနှင့် ဆက်စပ်ဆွေးနွေးပွဲများကိုလည်း တက်ရောက်လေ့လာခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် အီဂျစ်အာရပ် သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ရေးဝန်ကြီး H.E. Alaa Farouk နှင့် လည်းကောင်း၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီး Dr. Hani Sewilan နှင့်လည်းကောင်း တွေ့ဆုံပြီး နှစ်နိုင်ငံ စိုက်ပျိုးရေးနှင့် ဆည်မြောင်းကဏ္ဍ နည်းပညာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့သည်။
ထို့ပြင် အီဂျစ်အာရပ်သမ္မတနိုင်ငံ ဝါစိုက်ပျိုးရေး သုတေသနဌာနကိုလည်းကောင်း၊ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ ကာကွယ်ဆေးများ ထုတ်လုပ်နေမှုနှင့် ဓာတ်ခွဲခန်းများကိုလည်းကောင်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊ နိုင်းမြစ်ရေဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေးဆောင်ရွက်မှုများနှင့် ရေသုတေသနဆောင်ရွက်နေမှုများကို လည်းကောင်း လေ့လာကြည့်ရှုခဲ့သည်။
ယင်းအပြင် အီဂျစ်အာရပ်သမ္မတနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန General Authority for investment and Free Zones (GAIF)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar