
ထိန်ပင်နှင့် ထားဝယ်ချောင်အမှိုက်ပုံများမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်တန်ချိန် ၂၅၀၀ ကျော်မှ လျှပ်စစ်ဓာတ်အားနှင့် CNG အစားထိုးဓာတ်ငွေ့ထုတ်ယူရန် တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းစဉ်အရ စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်မှု (Waste to Energy) နည်းစဉ်ဖြင့် အဆိုပါ အမှိုက်ပုံနေရာ နှစ်ခုတွင် ဆောင်ရွက်ရန်စီစဉ်လျက်ရှိသည်ဟု သိရသည်။
ယင်းအမှိုက်ပုံများ၏ စွန့်ပစ်အမှိုက်မှ (Methane) ဓာတ်ငွေ့ထုတ်ယူပြီး (Generator) ဖြင့် မောင်းနှင်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းလုပ်ငန်း၊ စွန့်ပစ်အမှိုက်မှ (Methane) ဓာတ်ငွေ့ထုတ်ယူပြီး (Compressed Bio Methane) ပြုလုပ်၍ ရာခိုင်နှုန်း ၉၀ သန့်စင်သောစွမ်းအင် (CNG) အစားထိုး ဓာတ်ငွေ့ထုတ်ယူခြင်းလုပ်ငန်း၊ စွန့်ပစ်အမှိုက် မီးရှို့စက်ရုံ တည်ဆောက်ပြီး (Incinerated Process) ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဟု ကော်မတီထံမှ သိရသည်။
အဆိုပါ လုပ်ငန်းစဉ်သုံးခုကို ဆောင်ရွက်လိုသော ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေဖြင့်လည်းကောင်း၊ ပြည်ပကုမ္ပဏီများ အနေဖြင့်လည်းကောင်း၊ ပြည်တွင်းနှင့် ပူးပေါင်းပြည်ပကုမ္ပဏီများအနေဖြင့်လည်းကောင်း အဆိုပြုတင်ပြချက် (Proposal) အား ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနသို့ တင်ဒါအဆိုပြုချက်များ ပေးပို့နိုင်ပါကြောင်း သိရသည်။
တင်ဒါတင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် မည်သည့်လုပ်ငန်းစဉ်ကို ဆောင်ရွက်လိုကြောင်းနှင့် (Feasibility Study) လုပ်ဆောင်မည့်ကာလ ဖော်ပြချက်၊ မည်သည့်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင်ဆောင်ရွက်လိုကြောင်းနှင့် တည်ဆောက်မှု ကာလဖော်ပြချက်၊ အကျိုးတူလုပ်ငန်းအား နှစ်ကာလဖော်ပြ၍ မည်သည့်စနစ်ဖြင့်ဆောင်ရွက်လိုကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်း၏အသေးစိတ်လုပ်ငန်းစဉ်များ (ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၊ ပိုင်ဆိုင်မှု အပေါ်ခွဲဝေမှုရာခိုင်နှုန်း၊ နှစ်စဉ်ပြုပြင် ထိန်းသိမ်း ကုန်ကျစရိတ်၊ အကျိုးအမြတ်ခွဲဝေမှု ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်မည့်ကာလ၊ ရင်းနှီးမြှုပ်နှံမှု၏ အရင်းကြေကာလ ခန့်မှန်းချက်စသည်ဖြင့် အခြားဖော်ပြလိုသည်များ)၊ အသုံးပြုမည့် မြေဧရိယာလိုအပ်ချက်၊ နေ့စဉ်အမှိုက်ကုန်ကြမ်းပေးပို့မှု သဘောတူညီချက်၊ Tipping Fees ပေးရန်လိုမလို၊ ရေရယူသုံးစွဲမှုစနစ်၊ ထွက်ရှိစွမ်းအင်အပေါ်သုံးစွဲမှု/ ရောင်းချမှုအတွက် မည်သည့်နှုန်းဖြင့်ဆောင်ရွက်မည်၊ Carbon Credit (Certified Emission Reduction) ရောင်းချရန် စီစဉ်ဆောင်ရွက်ထား ရှိမှုနှင့် ခွဲဝေမှုရှိ/မရှိနှင့် အခြားဖော်ပြလိုသည်များရှိပါက ထည့်သွင်းဖော်ပြရန်နှင့်လိုအပ်မည့် (Document) များ ပူးတွဲရန် ကော်မတီက ထုတ်ပြန်ထားသည်။
ထိန်ပင်နှင့် ထားဝယ်ချောင်အမှိုက်ပုံများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၃ မြို့နယ်မှ အမှိုက်တန်ချိန် ၂၅၀၀ ကျော်ကို သိမ်းဆည်းလျက်ရှိပြီး လှိုင်သာယာမြို့နယ် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ တန်ချိန် (၁၅၀၀)ခန့်၊ ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ် ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ တန်ချိန် (၁၀၀၀) ခန့်ရှိကြောင်း သိရသည်။