Myanmar Digital News

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်     နိုဝင်ဘာ      ၁

“၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲ”ကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အလေးမလေ့ကျင့်ရေး အားကစားရုံ၌ ဆက်လက်ကျင်းပရာ အမျိုးသား အမျိုးသမီး ဝိတ်တန်း အလိုက် အမြန်မပြိုင်ပွဲနှင့် နှစ်ဆင့်မပြိုင်ပွဲများကို ယှဉ်ပြိုင်ကြသည်။

အမျိုးသမီး  ၆၁ ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဧပရယ်ထွန်းက အမြန်မ စံချိန်  ၈၀ ကီလို၊  နှစ်ဆင့်မစံချိန် ၉၉ ကီလိုနှင့် စုစုပေါင်းစံချိန် ၁၇၉ ကီလိုဖြင့် ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ယွန်းပပသွယ်က အမြန်မစံချိန် ၆၃ ကီလို၊  နှစ်ဆင့်မစံချိန် ၈၀ ကီလိုနှင့် စုစုပေါင်းစံချိန် ၁၄၃ ကီလိုဖြင့် ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ယွန်းယွန်းက အမြန်မစံချိန် ၅၃ ကီလို၊  နှစ်ဆင့်မ စံချိန် ၆၅ ကီလိုနှင့်  စုစုပေါင်းစံချိန်  ၁၁၈  ကီလိုဖြင့်  တတိယရရှိခဲ့သည်။             

ထို့အတူ အမျိုးသား ၇၀ ကီလိုတန်းပြိုင်ပွဲတွင်  မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝေလွင်ဖြိုးက အမြန်မစံချိန် ၁၁၃ ကီလို၊ နှစ်ဆင့်မစံချိန် ၁၃၆ ကီလိုနှင့် စုစုပေါင်းစံချိန် ၂၄၉ ကီလိုဖြင့် ပထမ၊ ပြည်ထောင်စုနယ်မြေ  နေပြည်တော်အသင်းမှ ခွန်ခမ်းနောင်က  အမြန်မစံချိန် ၈၆ ကီလို၊ နှစ်ဆင့်မစံချိန် ၁၀၃ ကီလိုနှင့် စုစုပေါင်း စံချိန် ၁၈၉ ကီလိုဖြင့် ဒုတိယ၊ ကရင်ပြည်နယ်အသင်းမှ သင့်မြတ်ဝီရဝင်းက အမြန်မစံချိန် ၇၅ ကီလို၊ နှစ်ဆင့်မစံချိန် ၁၁၀ ကီလိုနှင့် စုစုပေါင်း စံချိန် ၁၈၅ ကီလိုဖြင့် တတိယရရှိခဲ့သည်။

ယနေ့ပြိုင်ပွဲ၏ အမျိုးသမီး ၆၁ ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဧပရယ်ထွန်းသည် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အမြန်မပြိုင်ပွဲ၏ စံချိန် ၇၆ ကီလိုထက် ကျော်လွန်၍ ၈၀ ကီလိုဖြင့်လည်းကောင်း၊ နှစ်ဆင့်မပြိုင်ပွဲ၏ စံချိန် ၉၈ ကီလို ထက်ကျော်လွန်၍  ၉၉ ကီလိုဖြင့် လည်းကောင်း၊ အမြန်မနှင့် နှစ်ဆင့်မ စုစုပေါင်းပြိုင်ပွဲတွင်  စံချိန် ၁၇၂ ကီလိုထက် ကျော်လွန်၍ ၁၇၉ ကီလိုဖြင့် လည်းကောင်း ပြည်နယ်နှင့် တိုင်းဒေသကြီး၏ စံချိန်သစ်များ တင်နိုင်ခဲ့သည်။

အလားတူ အမျိုးသား ၇၀ ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝေလွင်ဖြိုးသည် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်မှ   သတ်မှတ်ထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အမြန်မ စံချိန် ၁၀၆ ကီလိုထက် ကျော်လွန်၍ ၁၁၃ ကီလိုဖြင့် လည်းကောင်း၊ နှစ်ဆင့်မပြိုင်ပွဲ၏ စံချိန် ၁၃၂ ကီလိုထက်ကျော်လွန်၍ ၁၃၆ ကီလိုဖြင့် လည်းကောင်း၊ အမြန်မနှင့် နှစ်ဆင့်မ စုစုပေါင်းပြိုင်ပွဲတွင် စံချိန် ၂၃၆ ကီလိုထက်ကျော်လွန်၍ ၂၄၉ ကီလိုဖြင့် လည်းကောင်း  ပြည်နယ်နှင့်  တိုင်းဒေသကြီး၏ စံချိန်သစ်များ တင်နိုင်ခဲ့သည်။

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက် နံနက် ၁၀ နာရီမှစတင်၍   တိုင်းဒေသကြီးနှင့်  ပြည်နယ်အလေးမပြိုင်ပွဲ (အမျိုးသား/ အမျိုးသမီး) ကီလိုတန်းအလိုက် အမြန်မပြိုင်ပွဲနှင့် နှစ်ဆင့်မပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။                                                                                                                               

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News