
နေပြည်တော် နိုဝင်ဘာ ၁
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။
အမှာစကားပြောကြား
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အောင်ပန်းကုံးများ၊ အောင်သပြေခက်များကမ်း၍ ဝမ်းမြောက်ဝမ်းသာစွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်