
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်မှုများ ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် နိုင်ငံတကာ ငွေကြေးဆိုင်ရာ ရာဇဝတ်မှု စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ထံမှ မြန်မာနိုင်ငံအား (blacklist) မှ ပယ်ဖျက်ပေးရန် ဂျပန်နိုင်ငံက တိုက်တွန်းလျက်ရှိသည်။ ဤလုပ်ဆောင်ချက်သည် နိုင်ငံတကာအသိုင်းအဝိုင်းမှ သီးခြားခွဲထုတ်ခံထားရသည့် မြန်မာနိုင်ငံရှိ အစိုးရအား ပြန်လည်လက်ခံလာစေရန် အဓိကနိုင်ငံကြီးအချို့က ကြိုးပမ်းနေကြောင်း ပြသသည့် အရိပ်အယောင်တစ်ခု ဖြစ်ကြောင်း The Japan Times က ဖော်ပြထားသည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့ခြင်းတို့ကို ကာကွယ်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံနှင့် ဆက်စပ်သော ငွေကြေးလွှဲပြောင်းမှုများအပေါ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပိုမိုတင်းကျပ်သော စိစစ်မှုများ ပြုလုပ်ရမည့် သတ်မှတ်ချက်များကို ပယ်ဖျက်ပေးရန် Financial Action Task Force (FATF) အား ဂျပန်နိုင်ငံက တောင်းဆိုထားကြောင်း ဂျပန်အစိုးရ အရာရှိကြီးတစ်ဦးနှင့် ဤကိစ္စရပ်ကို သိရှိနားလည်သူ နောက်တစ်ဦးတို့က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကို အဆိုပါစာရင်းမှ ဖယ်ရှားလိုက်ခြင်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြင့် စစ်တပ်က အာဏာသိမ်းယူထားပြီး၊ လိမ်လည်မှုကျူးလွန်သည့် စခန်းများ (scam centers) နှင့် တရားမဝင် ငွေကြေးစီးဆင်းမှုကိစ္စရပ်များအတွက် စောင့်ကြည့်စစ်ဆေးခံနေရဆဲဖြစ်သော နိုင်ငံတစ်နိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စစ်ဆေးကြပ်မတ်မှုများကို လျော့ပါးသက်သာစေမည် ဖြစ်သည်။
လက်ရှိအချိန်တွင် FATF ၏ (blacklist) ၌ မြန်မာနိုင်ငံအပြင် အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့သာ ပါဝင်သည်။ အဖွဲ့ဝင် ၄၀ ပါဝင်သော ဤအဖွဲ့အစည်းသည် ၎င်းတို့၏ ယခုနှစ်အတွက် တတိယမြောက်နှင့် နောက်ဆုံးအကြိမ် စုံညီအစည်းအဝေးကို ပါရီမြို့၌ သောကြာနေ့တွင် အဆုံးသတ်မည်ဖြစ်သည်။
မူဝါဒအပြောင်းအလဲတစ်ခု မကြာမီ ဖြစ်ပေါ်လာနိုင်ခြင်း ရှိ၊ မရှိကို ချက်ချင်းအတည်မပြုနိုင်သေးသော်လည်း၊ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက အာရှနိုင်ငံကြီး တစ်နိုင်ငံအပါအဝင် အခြားနိုင်ငံအချို့က မြန်မာနိုင်ငံကို (blacklist)မှ ဖယ်ရှားပေးရန် တိုက်တွန်းပြောဆိုနေကြောင်း ပြောကြားခဲ့သည်။
FATF အတွင်းရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အစည်းအဝေးများ ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ဆွေးနွေးချက်များသည် လျှို့ဝှက်ထားကြောင်း၊ (blacklist)စာရင်းနှင့် ပတ်သက်သည့် မည်သည့်အပြောင်းအလဲကိုမဆို သောကြာနေ့ အစည်းအဝေးပြီးဆုံးချိန်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ မှတ်ချက်ပေးရန် တောင်းဆိုချက်အပေါ် တုံ့ပြန်ဖြေကြားခြင်း မရှိပေ။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် မြန်မာနိုင်ငံသည် မငြိမ်မသက်မှုများနှင့် ပြည်တွင်းစစ်ဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ခံစားလာခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်တွင် (blacklist)စာရင်း၌ ထည့်သွင်းခံခဲ့ရသည်။
ဤသို့ မငြိမ်မသက်ဖြစ်နေမှုများကြောင့် "ရွှေတြိဂံဒေသ" (Golden Triangle) တွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် မှောင်ခိုကူးသန်းရောင်းဝယ်မှုများ၊ စက်မှုလုပ်ငန်းအဆင့်အတန်းရှိ လိမ်လည်မှုကျူးလွန်သည့် စခန်းများ (scam centers) တိုးပွားလာခဲ့သည်။
မြန်မာအစိုးရကမူ လိမ်လည်မှုကျူးလွန်သည့် စခန်းများကို ထိန်းချုပ်ရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်လုပ်ဆောင်နေကြောင်း ပြောကြားထားသည်။ ထို့အပြင် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် မှောင်ခိုကူးသန်းရောင်းဝယ်မှုများကို လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။
အမေရိကန်ပြည်ထောင်စုသည် နေပြည်တော်၌ မြန်မာအစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၎င်းသည် အမြင့်ဆုံးအဆင့် ထိတွေ့ဆက်ဆံမှုတစ်ခု ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲများသည် လိမ်လည်မှုလုပ်ငန်းစင်တာများ (scam centers) ကို ပိတ်ပစ်ရေးအပေါ် အဓိကထားသော်လည်း၊ မြန်မာနိုင်ငံတွင် ပေါများစွာရှိသည့် ရှားပါးမြေသားသတ္တု (rare earth) သိုက်များအား ထုတ်ယူခွင့်ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်မည့် လမ်းစကိုလည်း ဖွင့်ပေးနိုင်ဖွယ်ရှိသည်။ ဤဆွေးနွေးပွဲများအပြီး မကြာမီမှာပင်၊ ဤလအစောပိုင်းက တိုကျိုမြို့၌ ပိုမိုလျှို့ဝှက်သော ဆွေးနွေးပွဲများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။
အခြားကုမ္ပဏီများ ထွက်ခွာသွားကြသော်လည်း ဂျပန်ကုမ္ပဏီများကမူ မြန်မာနိုင်ငံတွင် ဆက်လက်၍ ကြီးမားသော လုပ်ငန်းလည်ပတ်မှုများကို ထိန်းသိမ်းထားဆဲဖြစ်သည်။ မြန်မာနိုင်ငံကို FATF ၏ (blacklist) စာရင်း မှ ပယ်ဖျက်ပေးလိုက်ခြင်းအားဖြင့် နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန် ပိုမိုလွယ်ကူလာစေမည်ဖြစ်ပြီး၊ နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရန်လည်း အထောက်အကူပြုလိမ့်မည်ဟု ဂျပန်အစိုးရ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်ကျော်လွန်သွားပြီးနောက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် FATF ၏ (blacklist) စာရင်း (တရားဝင်အမည်အားဖြင့် "အရေးယူဆောင်ရွက်ရန် လိုအပ်သည့် မြင့်မားသော အန္တရာယ်ရှိသည့် နိုင်ငံ/ဒေသများ" စာရင်း) သို့ ထည့်သွင်းခံခဲ့ရသည်။
ထိုအချိန်က ဤကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က ၎င်း၏ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်ဆံမှုများနှင့် ငွေကြေးလွှဲပြောင်းမှုများအပေါ် ပိုမိုတင်းကျပ်သော စိစစ်မှုများ (Enhanced Due Diligence) ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များ၊ တရားဝင် အကျိုးအမြတ်မယူသော လုပ်ငန်းဆောင်တာများနှင့် ငွေလွှဲပို့မှုများအတွက် ရန်ပုံငွေစီးဆင်းမှုများ မထိခိုက်စေရန်လည်း သေချာစေရမည်ဟု ဆိုသည်။
ဇွန်လက ပြုလုပ်ခဲ့သည့် အကဲဖြတ်မှုတစ်ခုတွင် FATF က မြန်မာနိုင်ငံအနေဖြင့် တိုးတက်မှုအချို့ ပြသနိုင်ခဲ့သော်လည်း၊ ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း အပါအဝင် အားနည်းချက်များကို အရေးတကြီး ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ဆိုက်ဘာလိမ်လည်မှုများမှတစ်ဆင့် ရရှိလာသည့် တရားမဝင် ငွေကြေးစီးဆင်းမှုကိစ္စရပ်မှာလည်း စိုးရိမ်စရာအခြေအနေအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
(The Japan Times ၏ ဖော်ပြချက်မှ မလိုလားအပ်သော အပိုင်းများကို ဖယ်ရှားပြီး ဖော်ပြပေးခြင်းဖြစ်ပါသည်။)
#News #Myanmar