
ဗင်နီဇွဲလားနိုင်ငံထဲတွင်ရှိသည့် ကိုလံဘီယာ ပြောက်ကျားအုပ်စု၏စခန်းကို ဗင်နီဇွဲလားစစ်တပ်၏မကြာသေးမီက တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၁၉ ဦးသေဆုံးသွားခဲ့သည်ဟု စစ်ဆင်ရေးနှင့်နီးစပ်သော သတင်းအရင်းအမြစ် နှင့် အန်ဂျီအိုအဖွဲ့တစ်ဖွဲ့က နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့ကြသည်။
ဗင်နီဇွဲလား၏နယ်စပ် ပြည်နယ်များ၌ လူ့အခွင့်အရေးချိုးဖောက်မှုများကိုစောင့်ကြည့်နေသော The FundaRedes အန်ဂျီအိုက ကနဦးပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ရာ၌ ကိုးဦးသေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။
အနောက်ပိုင်း အပူရီပြည်နယ်တွင် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက တိုက်ခိုက်မှုအတွင်း ကိုးဦးသေဆုံးခဲ့ကြောင်း အဆိုပါ အန်ဂျီအိုက သတင်းထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။
ပြောက်ကျားအုပ်စုနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ပေးသူ ဟွန်ဖရန်စစ္စကိုဂါစီယာက နိုဝင်ဘာ ၁ ရက်တွင် AFP ကို ပြောကြားခဲ့ရာ၌ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် နောက်ထပ်ရုပ်အလောင်း ၁၀ လောင်းကို အပူရီပြည်နယ်၏မြို့တော် ဆန်ဖာနန်ဒိုသို့ ဆောင်ပေးလိုက်သည်ဟု ဆိုခဲ့သည်။
စပိန်ဝေါဟာရ အစက္ခရာများဖြင့် ELN ဟုခေါ်သည့် ကိုလံဘီယာပြောက်ကျားအုပ်စုဖြစ်သော အမျိုးသားလွတ်မြောက်ရေးတပ်၏စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
FundaRedes ကမျှဝေထားသော ဗီဒီယိုတွင် အလောင်းများကို မြေပြင်ပေါ်၌ တွေ့ရပြီး စခန်း၏အပျက်အစီများနှင့် သစ်ပင်များ လဲနေသည်ကို မြင်ရသည်။
စစ်ဆင်ရေးနှင့်နီးစပ်သည့် အမည်မဖော်လိုသူ ဗင်နီဇွဲလားစစ်ဘက်သတင်းအရင်း အမြစ်က ပြောကြားရာတွင် အမေရိကန်ထောက်လှမ်း ရေး၏အကူအညီဖြင့် တိုက်ခိုက်ခဲ့ခြင်ဖြစ်သည်ဟု ဆိုသည်။
"ကျွန်တော်တို့ဟာ CIA နဲ့FBI တို့စီကနေအကူအညီရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အမေရိကန်ရဲ့ညွန်ကြားချက်နဲ့တိုက်ခိုက်တာဖြစ်ပါတယ် "ဟု သတင်းအရင်းအမြစ်က ပြောကြားသည်။
Ref:AFP