Voice of Myanmar

တာချီလိတ်မှာ ကျားဖျန့်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား ၈၃ ယောက် ဖမ်းဆီးခံရ

နိုဝင်ဘာ ၂၊ ၂၀၂၆

Shy V (VOM)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ယုဝရတ်ဟိုတယ်မှာ အွန်လိုင်းငွေလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား ၈၃ ယောက်ကို အောက်တိုဘာ ၃၁ ရက် ညနေပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြန်ကြားရေး ဌာနရဲ့ ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ယုဝရတ်ဟိုတယ်ကို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၄၂ ယောက်နဲ့ အမျိုးသမီး ၄၁ ယောက် ပါဝင်တယ်လို့ နိုဝင်ဘာ ၁ ရက်မှာ MOI က သတင်း ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးချိန်မှာ ကျားဖြန့်လုပ်ငန်းတွေအတွက် အသုံးပြုတဲ့ Laptop ၄၀ လုံးနဲ့ ဖုန်း ၇၅ လုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ကျားဖြန့်ဖမ်းတာ မြို့ထဲမှာပဲ။ ဆက်တိုက်ဖမ်းနေတာပေါ့။ မနှစ်တုန်းက ဖမ်းခဲ့တဲ့ ဝမ်းဂျီဝမ်းဟိုတယ်ဘေးနားမှာပဲ။ ကျားဖြန့်ကတော့ လုပ်နေကြတာပဲ။ တအားကြီး သတင်းထွက်လာမှ ဖမ်းလိုက်တာမျိုးပါ” လို့ တာချီလိတ်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

တာချီလိတ်မြို့မှာ ကျားဖြန့်လုပ်ငန်းတွေကို ဖမ်းဆီးမှုတွေ ရှိနေပေမယ့် လုပ်ငန်းတွေ လုံးဝပျောက်ကွယ်သွားတာမျိုး မရှိသေးဘဲ တခြားဒေသတွေမှာလည်း ဆက်လက်လုပ်ကိုင်နေကြတယ်လို့ သူက ပြောပါတယ်။

“ကျားဖျန့်က ပျောက်ဖို့တော့ တော်တော်ခက်သွားပြီ။ ရှိနေတာက အများကြီးပဲ။ မူဆယ်မှာလည်း အများကြီး၊ လားရှိုးမှာလည်း အများကြီးပဲ။ ရန်ကုန်၊ မန္တလေးမှာတောင် လုပ်နေတဲ့သူတွေ သောင်းချီရှိတယ်လို့ ကြားတယ်။ ကွန်ပျူတာတစ်လုံးနဲ့ နေရာရွှေ့ပြီး လုပ်လို့ရတာဆိုတော့ လွယ်တယ်လေ” လို့ နောက်ထပ် အမျိုးသား ဒေသခံ တယောက်လည်း ပြောပါတယ်။

မူဆယ် နယ်စပ်မှာတော့ ပုံစံပြောင်း လူစုခွဲပြီး ‌အ‌ေယာက် ၂၀ ဝန်းကျင်လောက်နဲ့ လုပ်နေတာမျိုးရှိပြီး အဖမ်းအဆီး သတင်းရရင် ရှောင်ပြီး အလုပ်နားထားတာမျိုးလုပ်တယ်လို့ ကျားဖျန့်မှာ ထမင်းချက်အလုပ်လုပ်တဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၈၃ ဦးကို စစ်ဆေးမှုတွေ ပြီးစီးပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းမှာလည်း ရှမ်းပြည်ဋယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပေါ်ကျွဲကျေးရွာအနီးမှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၆ ယောက်၊ စုစုပေါင်း ၁၈ ယောက်ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေနဲ့အတူ Starlink စက် ၂ လုံး၊ ကွန်ပျူတာ ၇ လုံးနဲ့ ဖုန်း ၁၆ လုံးအပါအဝင် လုပ်ငန်းသုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Photo Crd# MOI

မူရင်းသတင်း — Voice of Myanmar