
မန္တလေး၊ နိုဝင်ဘာ- ၂- ၂၀၂၆
SA(VOM)
ခြေချုပ်ခံဝန်ဥပဒေ ၅(၁)(စ)(ဆ) နဲ့ တရားစွဲခံရတဲ့ မန္တလေး တိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင် အမှုတွက် ဒီကနေ့ နိုဝင်ဘာ ၂ရက်နေ့ မနက်ပိုင်းမှာ မဟာအောင်မြေမြို့နယ်တရားရုံးက နောက်ဆုံးကျန်တဲ့ တရားလိုပြသက်သေ သုံးယောက်ကို စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။
” လွတ်တဲ့အခါကြမှဘဲ လွတ်ပြီဟေ့ဆိုတဲ့ အရသာရမှာပေါ့ဗျာ” လို့ ဦးဇာနည်အောင် က VOM ကိုပြောပါတယ်။
ဦးဇာနည်အောင်က ဒီနေ့အပြီးသတ် အမိန့်ချဖို့ တရားသူကြီးကို တောင်းဆိုပေမယ့် သာမန်အရပ်သားမဟုတ်ဘဲ ဝန်ကြီးဟောင်းဖြစ်တာမို့ စဥ်းစားဆုံးဖြတ်ဖို့လိုတယ်လို့ တွဲဘက်မြို့နယ်တရားသူကြီး(၂) က ရှင်းပြပါတယ်။
ဦးဇာနည်အောင်ကို ဒုရဲမှူးမြင့်ဇော် က ခြေချုပ်ခံဝန်ဥပဒေ ၅(၁)(စ)(ဆ) မဟာအောင်မြေမြို့နယ် တရားရုံးမှာ တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဦးဇာနည်အောင်အမှုမှာ တရားလိုပြသက်သေ ခြောက်ယောက်ရှိတာမှာ အောက်တိုဘာ ၃၀ ရက်နေ့က ရာအိမ်မှူး၊ စခန်းမှူး၊ နယ်ထိန်း တို့ကို တရားလိုပြသက် သေစစ်ဆေးခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့မှာ နယ်ထိန်း၊ အမှုစစ် နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် တို့ကို လိုပြသက်သေ စစ်ဆေးခဲ့တာပါ။
လက်ရှိမှာ ဦးဇာနည်အောင်ဟာ မဟာအောင်မြေမြို့နယ်၊ အမှတ် ၉ နယ်မြေစခန်းမှာ ဆက်လက်ထိမ်းသိမ်းထားပြီး အမှုကို ရင်ဆိုင်နေတာဖြစ်ပါတယ်။
ခြေချုပ်နှင့် ခံဝန်ချုပ်အမိန့် ဟာ တရားသူကြီးသည် လိုအပ်သည်ဟု ထင်မြင်ပါက သတ်မှတ်ထားသော ကာလတစ်ခုအတွင်း ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရန် ခံဝန်သူနှင့် ခံဝန် ချုပ် ချုပ်ဆိုစေရန် သို့မဟုတ် ခြေချုပ်အမိန့် ချမှတ်နိုင်သည်။
အချိန်ကာလ: ၂၀၁၅ ခုနှစ် ပြင်ဆင်ချက်အရ ယခင် “သုံးနှစ်ထက်မပိုသော ကာလ” ဆိုသည်ကို “တစ်နှစ်ထက်မပိုသော ကာလ” ဟု ပြင်ဆင်သတ်မှတ်ထားသည်။
ပုဒ်မ ၅(၁)(စ) ဟာ ငြိမ်ဝပ်ပိပြားမှုကို ကျူးလွန်လေ့ရှိသူ၊ သို့မဟုတ် ကျူးလွန်ရန် ကူညီအားပေးလေ့ရှိသူနှင့် ခြေချုပ်၊ ခံဝန်ချုပ်တို့ဖြင့် မထားပါက ပြည်သူကို အန္တရာယ်ပြုမည်ဟု စိုးရိမ်ရသူများကို ရည်ညွှန်း တာဖြစ်တယ်လို့ သိရပါတယ်။
ပုဒ်မ ၅(၁)(ဆ) ဟာ လူအများ၏ အကျိုးသုခ၊ ငြိမ်ဝပ်ပိပြားရေး သို့မဟုတ် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတတ်သော အကျင့်စရိုက်ရှိသူများ သို့မဟုတ် ပြစ်မှုကျူးလွန်တတ်သူများကို ရည်ညွှန်းတာဖြစ်ပါတယ်။
မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင်ဟာ ၂၀၂၁ ခုနှစ်မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင် ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ၂၀၂၂ ခုနှစ် ဧပြီ လမှာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်(အိုးဘိုထောင်တွင်း အထူးတရားရုံး) က စွဲဆိုထားတဲ့ အဂတိအမှု ၂ မှုအတွက် ထောင်ဒဏ် ၆ နှစ် (တမှုအတွက် ၃ နှစ်စီနဲ့ စုစုပေါင်း ၆ နှစ်) စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ချမှတ်ခဲ့တာဖြစ်ပါတယ်။