Voice of Myanmar

မြေအောက်ရေကန်အတွင်းမှာ ငြမ်းဆင်းဖြုတ်တဲ့ အမျိုးသားလေးယောက် အောက်ဆီဂျင်ပြတ်သေဆုံး

နိုဝင်ဘာ- ၂ – ၂၀၂၆

GG (VOM)

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့၊ မိတ္ထီလာပညာရေးဒီကရီကောလိပ်မှာ အသစ်ဆောက်နေတဲ့ မြေအောက်ရေကန်အတွင်း အလုပ်သမားလေးယောက် အောက်ဆီဂျင်ပြတ်ပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၁ ရက်နေ့၊ ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာ အနက် ၆ ပေနဲ့ အကျယ် ၁၈ ပေပတ်လည်ရှိတဲ့ မြေအောက်ရေကန်အတွင်းမှာ လုပ်ထားတဲ့ ငြမ်းကို ဆင်းပြီး ဖြုတ်ရာကနေ လေးယောက်က အောက်ဆီဂျင်ပြတ်ကာနေရာမှာပဲသေဆုံးခဲ့ ဖြစ်ပါတယ်။

” ရေကန်ထဲက ငြမ်းကိုဆင်းဖြုတ်ကြတာ။ တယောက်ဆင်းလိုက် နှစ်ယောက်ဆင်းလိုက်နဲ့ အကုန်လုံးငါးယောက်ဖြစ်သွားတယ်။ လေးယောက်ကဆုံးတယ်။ တယောက်ကတော့ ဆေးရုံပို့ထားတယ်။ ကန်က ဘိလပ်မြေသိပ်မခြောက်သေးတာလည်းပါမယ်။” လို့ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူကပြောပါတယ်။

အောက်ဆီဂျင်ပြတ်ပြီး သေဆုံးတဲ့ အမျိုးသားလေးယောက်က အသက် ၃၀ ကနေ ၄၅ နှစ်အရွယ်တွေဖြစ်ပြီး မိတ္ထီလာမြို့ပေါ်ကပါသလို တခြားဒေသကနေ လာရောက်လုပ်ကိုင်သူတွေလည်းပါကြောင်း ၊ လက်ရှိမှာ မိသားစုနဲ့အဆက်အသွယ်ရပြီဖြစ်ပါတယ်။

ရုပ်အလောင်းတွေကိုတော့ မိတ္ထီလာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး အသက်ရှင်တဲ့ အမျိုးသားကိုလည်း ဆေးရုံမှာ ကုသမှု ပေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။

ဇူလိုင် ၁၃ ရက်ကလည်း ပဲခူးမြို့၊ ဥဿာမြို့သစ် (၈)ရပ်ကွက်၊ စက်မှုဇုန် (၂)ထဲက မွေးမြူရေးအစာ ထုတ်လုပ်တဲ့ Zheng Bang Myanmar ( ကျန်းပန်း မြန်မာ) စက်ရုံရဲ့ ငါးဆီကန်အတွင်းမှာ အလုပ်သမားသုံးယောက် အောက်ဆီဂျင်ပြတ် သေဆုံးမှု ရှိခဲ့ပါတယ်။

မေ ၂၂ ရက်နေ့ ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၄ ရပ်ကွက်၊ နယ်မြေ ၂ က နေအိမ်တခုရဲ့ မိလ္လာကန်ထဲကို အမျိုးသားနှစ်ယောက်ပြုတ်ကျပြီး အောက်ဆီဂျင်ပြတ်ပြီးသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့ ကလည်း ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီး ၊ မြို့ရှောင်လမ်းဘေးမှာ ရပ်ထားတဲ့ ဆီဘောက်ဆာကားရဲ့ ဆီသိုလှောင်ကန်ကို ရှင်းလင်းတဲ့ အမျိုးသားနှစ်ယောက် အောက်ဆီဂျင်ပြတ် သေဆုံးမှုရှိခဲ့ပါတယ်။

ဓာတ်ပုံ – မျိုးဆက်သစ်မြတ်ပါရမီအသင်း /မီးသတ်

မူရင်းသတင်း — Voice of Myanmar