Voice of Myanmar

စစ်ကိုင်းတိုင်းအစိုးရမှာ လုံနယ်နဲ့စည်ပင်ဝန်ကြီးခန့်အပ်တဲ့အတွက် စစ်ကိုင်းတိုင်းလွတ်တော် အရေးပေါ်အစည်းအဝေးကျင်းပ

နိုဝင်ဘာ ၂ ၊ ၂၀၂၆

MW (VOM)

စစ်ကိုင်းတိုင်းအစိုးရမှာ ပြောင်းလဲအစားထိုးတဲ့ လုံနယ်ဝန်ကြီးနဲ့ စည်ပင်ဝန်ကြီးတို့ လွတ်တော်မှာကတိသစ္စာပြုဖို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က လွတ်တော်ခေါ်ဖို့ သဝဏ်လွှာပို့တဲ့အတွက် အရေးပေါ်အစည်းအဝေးကိုကျင်းပရတာလို့ စစ်ကိုင်းတိုင်းလွတ်တော်ဥက္ကဌဦးတင့်လှိုင်မြင့်က မုံရွာစစ်ကိုင်းတိုင်းလွတ်တော်မှာကျင်းပတဲ့ အရေးပေါ်အစည်းအဝေး အဖွင့်နှုတ်ဆက်စကားမှာပြောကြားပါတယ်။

“အရေးပေါ်အစည်းအဝေးကျင်းပရတာကတော့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးပြောင်းလဲအစားထိုးတဲ့အတွက်ကြောင့် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအမည်စာရင်းကို လွတ်တော်မှာတင်သွင်းအတည်ပြုပြီး ကတိသစ္စာပြုဖို့နဲ့ စတုတ္ထပုံမှန်အစည်းအဝေးက စည်ပင်သာယာရေးဝန်ကြီး အမည်စာရင်းကို တင်သွင်းအတည်

ပြုခဲ့ပြီး ဖြစ်ပေမယ့် လွတ်တော်အစည်းအဝေးရပ်နားထားတဲ့အတွက် ကတိသစ္စာပြုဖို့ ကျန်ရှိနေတဲ့အတွက် တိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ကနေလွှတ်တော်အစည်းအဝေးခေါ်ယူပေးဖို​့ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီးလွတ်တော်ဥပဒေပုဒ်မ ၃၃အရ သဝဏ်လွှာပေးပို့လာတဲ့အတွက် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွတ်တော်ဆိုင်ရာ နည်းဥပဒေ၃(ဃ)အရ အရေးပေါ်အစည်းအဝေး၁/၂၀၂၆ကို ခေါ်ယူရတာဖြစ်ပါတယ်။”လို့ လွတ်တော်ဥက္ကဌဦးတင့်လှိုင်မြင့်က ပြောပါတယ်။

တတိယအကြိမ်စစ်ကိုင်းတိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ၂ရက်နံနက်၁၀နာရီက မုံရွာမြို့စစ်ကိုင်းတိုင်းလွတ်တော်မှာကျင်းပတာပါ။အရေးပေါ်အစည်းအဝေးမှာ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဌဦးတင့်လှိုင်မြင့်က အဖွင့်နှုတ်ဆက်စကားပြောကြားပြီး တိုင်းဒေသကြီးတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဗိုလ်မှုးကြီးမင်းသိန်းကကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာမှာ လက်မှတ်ရေးထိုးပါတယ်။

“အခုကျင်းပတဲ့အရေးပေါ်အစည်းအဝေးဟာ သာမာန်လုပ်ငန်းဆောင်ရွက်မှုအဖြစ်သာရှုမြင်ဖို့မဟုတ်ဘဲ လွတ်တော်ရဲ့ဖွဲ့စည်းပုံဆိုင်ရာတာဝန်များ ဥပဒေပြဌာန်းချက်များနဲ့ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းစဥ်များကို ဆက်စပ်အကောင်အထည်ဖော်နိုင်ဖို့အတွက် အရေးပါတဲ့လွတ်တော်အစည်းအဝေးဖြစ်ပါတယ်။ ပဥ္စမပုံမှန်အစည်းအဝေးကို ပြည်ထောင်စုလွတ်တော်က ပြန်လည်ပေးပို့လာမယ့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေမှာပါဝင်တဲ့ ဌာနအဖွဲ့အစည်းများရဲ့ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများနဲ့ပတ်သက်တဲ့ ဥပဒေမူကြမ်းအဖြစ်တင်သွင်းအတည်ပြု နိုင်ရေးအတွက် ဒီဇင်ဘာလပထမပတ်မှာ လွတ်တော်ခေါ်ယူဖို့ လျာထားပြီးဖြစ်ပါတယ်။”လို့ လွတ်တော်ဥက္ကဌဦးတင့်လှိုင်မြင့်ကပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဦးစောရန်အောင်က ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာမှာလက်မှတ်ရေးထိုးပါတယ်။

အစည်းအဝေးမှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပေးပို့လာတဲ့ စစ်ကိုင်းတိုင်းလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအမည်စာရင်းကိုလွတ်တော်မှာ တင်ပြ အတည်ပြုပြီး လွတ်တော်ဥက္ကဌဦးတင့်လှိုင်မြင့်က ဥပဒေအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းတာနဲ့ စပ်လျဉ်းပြီးရှင်းလင်းပြောကြားပါတယ်။

အဲဒီနောက်လွတ်တော်ဒုတိယဥက္ကဌဦးမျိုးသန့်က ဥပဒေအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ စပ်လျဥ်းလို့ တာဝန်၊လုပ်ပိုင်ခွင့်၊ရပိုင်ခွင့် နဲ့သက်တမ်းတို့ကိုရှင်းလင်းဖတ်ကြားပါတယ်။

တဆက်တည်း လွတ်တော်ဥက္ကဌဦးတင့်လှိုင်မြင့်က ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဌ၊ အတွင်းရေးမှုးနဲ့အဖွဲ့ဝင်တွေရဲ့ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြပြီး ဆွေးနွေးလိုတဲ့ လွတ်တော်ကိုယ်စားလှယ်များအမည်စာရင်း တင်သွင်းနိုင်တယ်လို့ ကြေငြာအပြီးမှာ လွှတ်တော် ပထမနေ့ကိုရ ပ်နားလိုက်ပါတယ်။

မူရင်းသတင်း — Voice of Myanmar