Myanmar Digital News

ပထမဆုံး World Series ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်း Teqball World Series Ayutthaya 2026 ပြိုင်ပွဲတွင် တတိယဆုရရှိ

နေပြည်တော်   နိုဝင်ဘာ   ၂

၂၀၂၆ ခုနှစ်  အောက်တိုဘာ ၃၀ ရက်မှ   နိုဝင်ဘာ   ၁ ရက်အထိ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့၌ ကျင်းပခဲ့သည့်    ကမ္ဘာ့အဆင့် တက်ဂ်ဘောပြိုင်ပွဲ Teqball World Series 2026   ပြိုင်ပွဲကြီး၏ Women’s Doubles  ပြိုင်ပွဲတွင်  မြန်မာအသင်းမှ  မြန်မာ့လက်ရွေးစင်အားကစားသမားများဖြစ်သည့် ဆုမွန်အောင်နှင့် နိုင်နိုင်ဝင်းတို့အတွဲသည် ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံများမှ တက်ဂ်ဘောအားကစားသမားများကို မလျှော့သော ဇွဲ၊ လုံ့လများဖြင့် အားသွန်ခွန်စိုက်  ကြိုးစားယှဉ်ပြိုင်ခဲ့ပြီး    မြန်မာနိုင်ငံအတွက် တတိယဆုကို ဆွတ်ခူးရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်  အမျိုးသမီးတက်ဂ်ဘောအားကစားသမားများဖြစ်သည့် ဆုမွန်အောင်နှင့်  နိုင်နိုင်ဝင်းတို့အတွဲသည်   အုပ်စုပွဲစဉ်များတွင် ပြင်သစ်အသင်း၊ လက်ဘနွန်အသင်းနှင့် အိန္ဒိယအသင်းတို့မှ အားကစားသမားအတွဲများကို ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး အုပ်စုပွဲစဉ် တစ်ဆင့်ပြီးတစ်ဆင့်တွင်  ရုရှားနိုင်ငံနှင့်  မော်လ်ဒိုဗာနိုင်ငံတို့မှ   အားကစားသမားအတွဲများကိုလည်း   ထပ်မံအနိုင်ရရှိကာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်  တက်ဂ်ဘောအားကစားသမားများဖြစ်ကြသည့်  ဆုမွန်အောင်နှင့် နိုင်နိုင်ဝင်းတို့အတွဲသည်  အုပ်စုပွဲစဉ်  နောက်ဆုံးအဆင့်တွင် ဟန်ဂေရီအသင်းနှင့် ပေါ်တူဂီအသင်းတို့မှ အားကစားသမားအတွဲများကို ထပ်မံအနိုင်ရရှိ ခဲ့ပြီး  ဆီမီးဖိုင်နယ်(အကြိုဗိုလ်လုပွဲ)အဆင့်သို့  တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဆီမီးဖိုင်နယ်(အကြိုဗိုလ်လုပွဲ) ပွဲစဉ်တွင် Teqball ကမ္ဘာ့အဆင့်သတ်မှတ်ချက်  နံပါတ်(၁)ရှိသည့် ထိုင်းနိုင်ငံ၏ Women’s Doubles အသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းမှ ဆုမွန်အောင်နှင့်  နိုင်နိုင်ဝင်းတို့အတွဲက  တတိယဆုကို  ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

အောင်မြင်မှုတစ်ခုလည်းဖြစ်

မြန်မာတက်ဂ်ဘော  အဖွဲ့ချုပ်အနေဖြင့်  ယခုအောင်မြင်မှုသည် ကမ္ဘာ့အဆင့်ထိပ်တန်းနိုင်ငံများမှ တက်ဂ်ဘော အားကစားသမားများနှင့် ယှဉ်ပြိုင်နိုင်ခဲ့သည့်အပြင် မြန်မာ့လက်ရွေးစင်အမျိုးသမီး တက်ဂ်ဘောကစားသမားများ၏  စွမ်းဆောင်ရည်နှင့် နိုင်ငံတကာအဆင့် ယှဉ်ပြိုင်နိုင်စွမ်းများကို ဖော်ထုတ်ပြသနိုင်ခဲ့သည့် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခုလည်းဖြစ်ကြောင်း  သိရသည်။

သတင်းစဉ် 

မူရင်းသတင်း — Myanmar Digital News