Myanmar Digital News

မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ(၂၀၂၆)နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး

ပုသိမ် နိုဝင်ဘာ ၂

 

မြန်မာ-တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ(၂၀၂၆)နှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ပြုလုပ်သည်။

 

မြန်မာ-တရုတ်ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုပြပွဲတွင် ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်သဖြင့် ဆန်၊ စပါးကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းများအပြင်၊ မွေးမြူရေး ထုတ်ကုန်ပစ္စည်းများနှင့် ပီလော ပီနံ၊ ကွမ်းသီး၊ သီဟိုဠ်၊ ပြောင်း စသည် ထုတ်ကုန်ပစ္စည်းတို့ကို လည်း ပြသနိုင်ရေး ဆောင်ရွက်ရန် လိုပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိဒေသတွင်း သာမက လာရောက်ပြသသည့် နိုင်ငံ၏ ထုတ်ကုန်ပြခန်းများနှင့် ထုတ်လုပ်မှု နည်းစနစ်များကို သွားရောက်လေ့လာရန် လိုပါကြောင်း၊ MSME လုပ်ငန်းများ အနေဖြင့် အမယ်သစ်များ ပြသနိုင် ရေးအပြင် ထုပ်ပိုးမှုပုံစံကောင်းများဖြင့် ပါဝင်ပြသနိုင်ရေး ဆောင်ရွက်သွားရန် လိုပါကြောင်း၊ နိုင်ငံတကာ စျေးကွက်သို့ ကုန်စည်များ တင်ပို့ရောင်းချရာတွင်လည်း အရည်အသွေးမကျ ဆင်းစေဘဲ သန့်သန့်ရှင်းရှင်းနှင့် စံချိန်စံညွှန်းပြည့်မီစွာဖြင့် မိမိတို့၏ ထုတ်ကုန်အရည်အသွေးကို ထိန်းသိမ်းကြရန် လိုပါကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။

 

ဆက်လက်၍ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး တို့က မြန်မာ-တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ(၂၀၂၆) နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက ပြသမည့် ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး အထွေထွေ ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစည်းအဝေး ခန်းမ(၁)တွင် A Logistics Co., Ltd. က ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပွဲသို့ တက်ရောက်ရာ ကုမ္ပဏီတာဝန်ရှိ သူတစ်ဦးက ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ရေကြောင်းလုပ်ငန်းနှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ တင်သွင်းနိုင်ရေးအတွက် သွင်းကုန်လိုင်စင် လျှောက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း သည်ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် လုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေပြု၍ လာရောက်လုပ်ကိုင် ဆောင်ရွက် ခြင်းကိုကြိုဆိုပါကြောင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှုများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြရန် လိုအပ် ကြောင်း ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

 တိုင်းဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News