Myanmar Digital News

အယ်လ်နီညိုအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်သော အယ်လ်နီညိုအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် ညှိနှိုင်း ဆောင်ရွက်ရေး El Niño Prepareness and anticipatory action ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲ၌ ပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် အယ်လ်နီညိုနှင့်ပတ်သက်သော တရားဝင် သတိပေးချက်များကို ရပ်ရွာလူထုထံ အချိန်မီရောက်ရှိစေရန်၊ ထိခိုက်လွယ်သူများကို ဖော်ထုတ်ကူညီရန်၊ အသိပညာပေးရေးနှင့် ကြက်ခြေနီ စေတနာလုပ်အားရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင် ရန်ဖြစ်ပါကြောင်း၊ ထို့ပြင် ရှေးဦးပြုစုခြင်း၊ လူနာ လွှဲပြောင်းခြင်းနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ လိုအပ်သည့်ပစ္စည်းများ ကြိုတင်ပြင်ဆင် ထားရှိရေး၊ ဆက်သွယ်ရေး အဆင်သင့်ဖြစ်မှုတို့ကိုလည်း ပြင်ဆင်ထားရန်ဖြစ်ပါကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်က ပြောကြားသည်။

 

ထို့နောက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်မာဌေး က အယ်လ်နီညိုနှင့်ပတ်သက်သော အချက်အလက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းက အသင်းမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာ သူများက အကြံပြုဆွေးနွေးခဲ့သည်။

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နှစ်စဉ် ရာသီဥတုအလိုက် ဘေးမဖြစ်မီ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများအဖြစ် ကြက်ခြေနီအရေးပေါ် ကွပ်ကဲမှုစင်တာ(Emergency Operation Center)မှ မိုးလေဝသဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်လေ့လာစုဆောင်း၍ သတင်းထုတ်ပြန် ခြင်းနှင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ခြင်းကို တိုင်းဒေသကြီး/ပြည်နယ်များရှိ ကြက်ခြေနီ အရေး ပေါ်ကွပ်ကဲမှုစင်တာများ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲအဆင့် ဆင့်နှင့် စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News