Myanmar National Post

နေပြည်တော်အခြေပြု Agro-based Industries များ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်


 နေပြည်တော်၊ နိုဝင်ဘာ ၃

နေပြည်တော်အခြေပြု Agro-based Industries များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်စေရေးအတွက် ညွှန်ကြားချက်များနှင့်လုပ်ငန်းစဉ်များအတိုင်း ကြိုးပမ်းဆောင်ရွက်သွားရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ၁-၁၁-၂၀၂၆ ရက်နေ့က နေပြည်တော်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ နေပြည်တော် MSMEs အသင်းနှင့် တွေ့ဆုံစဉ် မှာကြားသည်။

ဆက်လက်၍ ပျဉ်းမနားမြို့ရှိ မိုးသီရိစီးပွားရေးလုပ်ငန်းစု၏ အထည်ချုပ်လုပ်ငန်းတွင် အထည်များ ချုပ်လုပ်နေမှု၊ E-Market စနစ်ဖြင့် ဈေးကွက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချလျက်ရှိမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ချုပ်လုပ်ပြီး ပြည်ပသို့ဈေးကွက်ချဲ့ထွင်ပေးပို့ နိုင်ရေးဆောင်ရွက်ရန်၊ ပြည်တွင်း Agro-based Textile Industries လုပ်ငန်းများအချင်းချင်း ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပိုမိုထိရောက်အောင်မြင်သည့် စီးပွားရေးလုပ်ငန်းစုကြီးအဖြစ်တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

ထိုမှတစ်ဆင့် ပျဉ်းမနားမြို့ရှိ FDA အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် မိုးသူဇာမုန့်မျိုးစုံလုပ်ငန်း၌ မုန့်များအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ခေတ်မီစက်ကိရိယာများဖြင့် စနစ်တကျထုတ်လုပ်နေမှု၊ အေလာမြို့ရှိ စက်မှုလယ်ယာပစ္စည်းများထုတ်လုပ်သည့် နေမင်းထွန်းမြေပဲနှင့် ပဲအမျိုးမျိုးခြွေလှေ့စက်လုပ်ငန်းနှင့် နေပြည်တော်ဒက္ခိဏသီရိစက်မှုဇုန်ရှိ လယ်ယာထွက်ကုန်များကို ထုပ်ပိုးရေးအတွက် Recycle ကုန်ကြမ်းများမှ ပီနံအိတ်ထုတ်လုပ်သည့် ရွှေသစ်ဆန်းစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများတင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post