Myanmar National Post

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ နိုဝင်ဘာ ၃

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများကို ကြည့်ရှုစစ်ဆေးလျက်ရှိရာ ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင်တည်ရှိသော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းကို ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း၊ ဦးအုန်းခိုင်၊ ဦးညီညီနှင့်ဦးထွန်းထွန်းဝင်းတို့ဦးဆောင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါစခန်းကို ကြည့်ရှုစစ်ဆေးစဉ်စခန်းတွင် လက်ခံစောင့်ရှောက်ထားသော သင်တန်းသားများ အတွက် အာဟာရပြည့်ဝသောအစားအစာနှင့် သန့်ရှင်းသောသောက်ရေသုံးရေ လုံလောက်စွာရရှိစေရေးစီစဉ်ထားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆေးဖြတ်သည့်အချိန်တွင် ဖြစ်ပေါ်နိုင်သောလက္ခဏာများကို စနစ်တကျစောင့်ကြည့်ပေးမှု ရှိ မရှိ၊ ဆေးဖြတ်စဉ် ကြုံတွေ့ရသောဝေဒနာများအတွက် လိုအပ်သောအကူအညီနှင့် ဆေးဝါးစောင့်ရှောက်ပေးနေမှု၊ မိသားစုနှင့်ဆက်သွယ်ဆောင်ရွက်ခွင့်နှင့် မိသားစုနှင့်ပြန်လည် ပေါင်းစည်းခွင့်ရရှိရေး ဆောင်ရွက်ပေးမှု၊ ခွဲခြားဆက်ဆံမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုရှိ မရှိ၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားမှုနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်းစစ်ဆေးတွေ့ရှိချက်နှင့်အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post