Eleven Media Group

HIV ကာကွယ်ဆေး Lenacapavir ၏ ဈေးသက်သာသည့် မျိုးတူဆေးကို အမေရိကန် FDA ခွင့်ပြု

HIV ကူးစက်မှုကိုကာကွယ်ရန် တစ်နှစ်လျှင် နှစ်ကြိမ်သာ ထိုးရသည့် Lenacapavir ဆေး၏ ဈေးသက်သာသည့် မျိုးတူဆေးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ခွင့်ပြုလိုက်ပြီဖြစ်သည်။

ထို့ကြောင့် ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိ နိုင်ငံပေါင်း ၁၂၀ တွင် ထိုဆေးကို ဈေးနှုန်းသက်သာစွာဖြင့် အချိန်တိုအတွင်း ဖြန့်ဖြူးနိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်လာသည်။

အဆိုပါမျိုးတူဆေးကို ဖြန့်ဖြူးမည့် နိုင်ငံများတွင် လူတစ်ဦးလျှင် တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ ၄၀ ခန့်သာ ကျသင့်မည်ဟု မျှော်မှန်းထားသည်။ ယင်းပမာဏသည် လက်ရှိ နေ့စဉ်သောက်သုံးရသည့် HIV ကာကွယ်ဆေး ဆေးပြားများ၏ တစ်နှစ်စာကုန်ကျစရိတ်နှင့် အတူတူဖြစ်သည်။

သို့သော် Lenacapavir ထိုးဆေးက ဆေးပြားများကဲ့သို့ မဟုတ်ဘဲ တစ်နှစ်လျှင် နှစ်ကြိမ်သာ ထိုးရသည့်အတွက် ပိုမိုအဆင်ပြေသည်။

ထို့ပြင် HIV ကူးစက်နိုင်ခြေ မြင့်မားသူများကို လေ့လာခဲ့သည့် အရေးပါသည့် သုတေသနနှစ်ခုတွင် ထိုဆေးကြောင့် HIV ကူးစက်မှုအသစ်များ ဖြစ်ပွားခြင်းကို သိသိသာသာနီးပါး တားဆီးနိုင်ခဲ့သည်ကို တွေ့ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အချက်အလက်များအရ ပြီးခဲ့သည့်နှစ်က ကမ္ဘာတစ်ဝန်းတွင် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူ ၄၁ သန်းရှိခဲ့ပြီး HIV နှင့်ဆက်စပ်ရောဂါများကြောင့် သေဆုံးသူ ၅၇၀,၀၀၀ ရှိခဲ့သည်။

အဆိုပါ မျိုးတူဆေးကို အမေရိကန်တွင် ရောင်းချခွင့်မရှိသေးပေ။ အကြောင်းရင်းက Gilead Sciences ကုမ္ပဏီထုတ် Yeztugo (ရတ်ဇ်တူဂိုး)အမည်ရှိ မူရင်းဆေးဝါးကို ပြီးခဲ့သည့်နှစ်က ခွင့်ပြုထားပြီး မူပိုင်ခွင့်ကာကွယ်မှု ရရှိထားဆဲဖြစ်သောကြောင့်ဖြစ်သည်။

အမေရိကန်တွင် သတ်မှတ်ထားသည့် Yeztugo ဆေး၏ လက်လီဈေးနှုန်းမှာ အာမခံကြေးမပါဝင်ဘဲ တစ်နှစ်လျှင် ဒေါ်လာ ၂၈,၂၁၈ ဖြစ်သည်။ ယခုမျိုးတူဆေးကို အမေရိကန် FDA က ခွင့်ပြုပေးခဲ့ခြင်းသည် အခြားနိုင်ငံများတွင်လည်း ဆေးဝါးမှတ်ပုံတင်ခွင့် ရရှိရေးလုပ်ငန်းစဉ်ကို ပိုမြန်ဆန်လာစေနိုင်သည်။

ယခုထိ Lenacapavir ဆေးကို Gilead ကုမ္ပဏီတစ်ခုတည်းကသာ ထုတ်လုပ်ဖြန့်ဖြူးခဲ့ပြီး ဆေးဝါးထုတ်လုပ်မှု ပိုမိုတိုးမြှင့်နိုင်ရန် Gilead က မျိုးတူဆေးထုတ်လုပ်သည့် ကုမ္ပဏီခြောက်ခုနှင့် မူပိုင်ခွင့်အသုံးပြုခ ပေးဆောင်ရန်မလိုသည့် လိုင်စင်သဘောတူညီချက်များ ချုပ်ဆိုထားသည်။

ဘေးထွက်ဆိုးကျိုးအနေဖြင့် Lenacapavir ဆေးထိုးပြီးနောက် ဆေးထိုးသည့်နေရာ နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်းနှင့် ပျို့အန်ချင်ခြင်းတို့ ဖြစ်လာတတ်သည်။ သတိပြုရမည်မှာ ဆေးလုံးဝစတင်မထိုးမီနှင့် ဆေးတစ်ကြိမ်စီထိုးနှံတိုင်း HIV ရှိ၊ မရှိ အရင်စစ်ဆေးရန် လိုအပ်သည်။ HIV ပိုးရှိနေသည်ကို မသိဘဲ ထိုဆေးကို ထိုးမိပါက ဆေးယဉ်ပါးသည့် HIV ပိုးများ ဖြစ်လာနိုင်ကြောင်းလည်း တွေ့ရှိထားသည်။

မူရင်းသတင်း — Eleven Media Group