
ဒိန်းမတ်လက်အောက်မှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းနေသည့် ဂရင်းလန်းကျွန်းတွင် နိုင်ငံတကာခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာလေဆိပ်သစ်တစ်ခု ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့နှင့် ဂရင်းလန်းရှိ အီလူလစ်ဆတ်မြို့တို့အကြား ပထမဆုံး နိုင်ငံတကာလေကြောင်းခရီးစဉ်ကို အောက်တိုဘာ ၂၉ ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး လေဆိပ်သစ်ဖွင့်လှစ်မှုက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အပြင် ငါးဖမ်းလုပ်ငန်းအပေါ် အဓိကမှီခိုနေရသည့် ဂရင်းလန်းကျွန်း၏ စီးပွားရေးကို ဝင်ငွေရင်းမြစ် ပိုမိုစုံလင်လာစေရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
ဂရင်းလန်းဝန်ကြီးချုပ်နီလ်ဆင်က လေဆိပ်သစ်ကို ကျွန်း၏သမိုင်းတစ်လျှောက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခုဟုဆိုသည်။ လေးနာရီခွဲကြာ ပထမဆုံးခရီးစဉ်တွင် လိုက်ပါသွားသည့် ခရီးသည် ၁၆၉ ဦးထဲတွင် ဂရင်းလန်းဝန်ကြီးချုပ်လည်း ပါဝင်သည်။
လူဦးရေ ၅၆,၀၀၀ ခန့်သာရှိသည့် ဂရင်းလန်းသည် ဒေါ်နယ်ထရန့်၏ ပထမအကြိမ် သမ္မတသက်တမ်းကတည်းက အာရုံစိုက်ခံခဲ့ရသည့် မဟာဗျူဟာအရ အရေးပါသည့် ကျွန်းဖြစ်သည်။
ထရန့်က ယခုသမ္မတသက်တမ်းအတွင်း၌လည်း ဂရင်းလန်းကို ဒိန်းမတ်ထံမှ အင်အားသုံးသိမ်းယူမည်ဟု အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့သဖြင့် နေတိုးမဟာမိတ်နိုင်ငံများအကြား လချီတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
စက်တင်ဘာတွင် အာတိတ်နှင့် မြောက်အတ္တလန္တိတ်ဒေသ လုံခြုံရေးမြှင့်တင်ရန် ဒိန်းမတ်၊ဂရင်းလန်းခေါင်းဆောင်များနှင့် သဘောတူညီချက်တစ်ရပ်ကို ထရန့်က လက်မှတ်ရေးထိုးခဲ့သည်။
ဂရင်းလန်း၏ တတိယအကြီးဆုံးမြို့ဖြစ်သည့် အီလူလစ်ဆတ်မြို့သည် “ရေခဲတောင်မြို့တော်” ဟု လူသိများပြီး ခရီးသွားများ အများဆုံးလာရောက်လည်ပတ်သည့် နေရာများအနက် တစ်ခုလည်းဖြစ်သည်။
ယခင်က အီလူလစ်ဆတ်မြို့သို့ သွားရောက်လိုသူများသည် အပျော်စီးသင်္ဘောဖြင့် သွားရောက်ခြင်း၊ အိုက်စလန်မှ လေယာဉ်ဖြင့် သို့မဟုတ် ဂရင်းလန်းရှိ အခြားနိုင်ငံတကာလေဆိပ်များမှတစ်ဆင့် လေယာဉ်ပြောင်းစီးခြင်းတို့ ပြုလုပ်ခဲ့ရသည်။
ထို့ပြင် အခြားမြို့ကြီးများနှင့် ဆက်သွယ်ထားသည့် ကုန်းလမ်းခရီးစဉ်များလည်း မရှိပေ။ ယခုလေဆိပ်သစ်ကြောင့် အဆိုပါမြို့သို့ နိုင်ငံတကာခရီးသွားများ ဝင်ရောက်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။