

နေပြည်တော်၊ နိုဝင်ဘာ ၄
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယမန်နေ့က လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး General Khamlieng Outhakayson အား ကာကွယ်ရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်ကြပြီး လာအို ပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးနှင့် အတူ လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ စစ်ဘက်ဆက်ဆံရေး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံဆက်ဆံရေးတို့တွင် တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် တို့ပါဝင်သော CLMV အဖွဲ့ဝင်နိုင်ငံလေးနိုင်ငံ၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့၊ ဧရာဝတီ- ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများအဖြစ် ဒေသတွင်းတိုးတက်ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မဲခေါင်မြစ် လုံခြုံရေးအပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေ များ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည် ရေးကောင်းမွန်အောင် နေထိုင်လျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် နှင့်အညီ ရပ်တည်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများဖြစ်သော ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသည့် နိုင်ငံတော်အစိုးရသည် ပြည်သူ့ဆန္ဒကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတကာဆက်ဆံ ရေးနှင့်ပတ်သက်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒနှင့်အညီ အိမ်နီးချင်းကောင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့်ဟန်ချက်ညီ ဆက်သွယ်ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်အနေဖြင့်လည်း အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကာကွယ်စောင့်ရှောက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြကာ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#News #Myanmar