
နေပြည်တော်၊ နိုဝင်ဘာ ၄
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးအဋ္ဌမနေ့ကို ၃-၁၀-၂၀၂၆ရက်နေ့က နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၄၅ ဦး တက်ရောက်သဖြင့် ၉၇ ဒသမ ၃၂ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအား စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အမည်ပြောင်းလဲသတ်မှတ်ခြင်း နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၁) ဦးစိုးကြည်က စက်မှုနှင့် အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံစီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းသုံးစွဲနေရမှု လျော့နည်းစေပြီး ပြည်တွင်းစီးပွားရေးလည်ပတ်မှုကို အားကောင်းစေမည်ဖြစ်သဖြင့် ဝန်ကြီးဌာနအမည်တွင် MSME ကဏ္ဍကို ပိုမိုထင်ရှားစွာ ထည့်သွင်းသတ်မှတ်ခြင်းကို အပြည့်အဝထောက်ခံပါကြောင်း ဆွေးနွေးသည်။
သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံက နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် သယံ ဇာတပေါကြွယ်ဝရုံဖြင့် မပြည့်စုံနိုင်ဘဲ အရင်းအမြစ်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်သည့် စက်မှုနှင့် နည်းပညာစွမ်းအားအပေါ် မူတည်နေကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ကြမ်းများကို ကုန်ချော အဖြစ် ထုတ်လုပ်နိုင်ရေး၊ စက်မှုလက်မှုလုပ်ငန်းများ တိုးချဲ့ရေးနှင့် ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ရေး တို့သည် နိုင်ငံတော်စီးပွားရေးကို ခိုင်မာစေသည့် အရေးပါသော လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာပါက အလုပ်အကိုင်၊ မိသားစုဝင်ငွေနှင့် ပြည်သူတို့၏ လူမှုစီးပွားအဆင့်အတန်းများ မြင့်မားလာမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို အပြည့်အဝထောက်ခံပြီး နိုင်ငံတော်သမ္မတ ပေးပို့လာသည့် အတိုင်း ဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်နိုင်ရေး ထောက်ခံဆွေးနွေးသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်အေးအေးမြင့်က အဖွဲ့အစည်းတစ်ခု၏ အမည်သည် အုပ်ချုပ်ရေးဆိုင်ရာ သတ်မှတ်ချက်သာမက ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများအကြား အပြန်အလှန် ဆက်သွယ်ရေးအတွက်ပါ အလွန်အရေးပါကြောင်း၊ ထို့ကြောင့် ယခုအမည်ပြောင်းလဲသတ်မှတ်ခြင်းသည် မြန်မာ သဒ္ဒါအထားအသိုနှင့် နိုင်ငံတကာဝေါဟာရအသုံးအနှုန်းတို့အရ ပိုမိုတိကျရှင်းလင်းစေရန် ရည်ရွယ် သည့် လိုအပ်သော ပြင်ဆင်မှုတစ်ရပ်ဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသဘော တူညီချက်ပေးနိုင်ပါရန် ဆွေးနွေးသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ်(၁၀) ဦးသန်းအေး (ခ) ဦးတင်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၉) ဦးရန်နိုင်ဦးတို့က ဆက်လက်ဆွေးနွေးကြသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြလိုသည့်ကိစ္စမှာ လက်ရှိ “စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ် စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” ဟူသော အမည်အား “စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” ဟု ပြင်ဆင် သတ်မှတ်နိုင်ရေးကိစ္စ ဖြစ်ပါကြောင်း။
လက်ရှိဝန်ကြီးဌာနအမည်မှာ “စက်မှုနှင့် အသေး စား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” ဖြစ်ပြီး ပြင်ဆင်အဆိုပြုထားသည့်အမည်မှာ “စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” ဖြစ်ပါကြောင်း၊ လက်ရှိအမည်တွင် “အသေးစား၊ အငယ်စား၊ အလတ် စားနှင့် စီးပွားရေးလုပ်ငန်းများ” ဟု ဖော်ပြထားသည့်အတွက် စီးပွားရေးလုပ်ငန်းများကို သီးခြားစတုတ္ထ အမျိုးအစားတစ်ခုအဖြစ် အဓိပ္ပာယ်ကောက်ယူနိုင်သည့် အခြေအနေရှိပါကြောင်း၊ ပြင်ဆင်အဆိုပြု အမည်တွင် “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ” ဟု ဖော်ပြခြင်းဖြင့် စီးပွား ရေးလုပ်ငန်းများကို အရွယ်အစားအလိုက် ခွဲခြားသတ်မှတ်ထားသည့် အမျိုးအစားသုံးရပ်အဖြစ် ရှင်းလင်းစွာ ဖော်ပြနိုင်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ လက်ရှိ “စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး “ဌာန” ဟူသော အမည်အစား “စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” ဟု ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၀၂၊ ပုဒ်မခွဲ(က) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(က) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိနိုင်ပါရန် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘော တူညီချက်ရယူရာ သဘောမတူသူမရှိသဖြင့် အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ဒီဇယ်ဆီ HSD(500 ppm) နှင့် သဘာဝဓာတ်ငွေ့ရည်(LNG) အပေါ် အထူးကုန်စည် ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို (နိုဝင်ဘာလ) ၁ လ ထပ်မံတိုးမြှင့်ခွင့်ပြုနိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖြစ်ပွားခဲ့သည့် အရှေ့အလယ်ပိုင်း ဒေသပဋိပက္ခများ ငြိမ်သက်ခြင်းမရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် အခြားဒေသတွင်း နိုင်ငံများနည်းတူ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး၊ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများအတွက် ဓာတ်အားထုတ်လုပ်မှု စရိတ်လျော့ကျစေရေးနှင့် အများပြည်သူအတွက် ဓာတ်အားခမြင့်တက်မှုမရှိစေရေး ထိန်းညှိ ဆောင်ရွက်ပေးရန် လိုအပ်နေဆဲဖြစ်ပါကြောင်း။
စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကအများဆုံး အသုံးပြု ရသည့် ဒီဇယ်ဆီ HSD (500ppm) အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ၂ဝ၂၆ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် ကောက်ခံသည့်ကုန်သွယ်လုပ်ငန်းခွန်ကို ၂ဝ၂၆ ခုနှစ် မေ ၁ ရက်မှစတင်၍လည်းကောင်း ကင်းလွတ်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင် ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခ အခြေအနေ၊ ကမ္ဘာ့ လောင်စာဆီဈေးနှုန်း အတက်အကျအခြေအနေ၊ ပြည်တွင်းဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ရည်ဈေးနှုန်း အခြေအနေ၊ အခြေခံစားသောက်ကုန် ကုန်စည်ဈေးနှုန်း များအခြေအနေ၊ နိုင်ငံတော်၏ ဘဏ္ဍာငွေလိုအပ်ချက်နှင့် အခွန်အကောက်ရရှိငွေများ အခြေအနေတို့ကို လစဉ်သုံးသပ်ဆောင်ရွက်လျက်ရှိရာ ဒီဇယ်ဆီအပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်၊ သဘာဝဓာတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်းခွန်တို့ကို နိုဝင်ဘာလအတွက် (၁) လ ထပ်မံတိုးမြှင့် ကင်းလွတ်ခွင့်ပြုရန် လိုအပ်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် နိုဝင် ဘာ ၃၀ ရက်နေ့အထိ (၁) လ ထပ်မံတိုးမြှင့်၍ ကင်းလွတ်ခွင့်ပြုပေးနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒီဇယ်ဆီ HSD(500 ppm)နှင့် သဘာဝဓာတ်ငွေ့ရည်(LNG) အပေါ် အထူးကုန်စည် ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို (အောက်တိုဘာလ နှင့် နိုဝင်ဘာလ) ထပ်မံတိုးမြှင့် ခွင့်ပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မကွေးတိုင်းဒေသကြီး ကိုယ်စားလှယ် အမှတ် (၁၂) ဒေါ်ခင်ဆွေ က အခွန်ကင်းလွတ်ခွင့်ပေးခြင်း သည် နိုင်ငံတော်၏ ဘဏ္ဍာငွေအချို့ကို စွန့်လွှတ်ပေးခြင်းဖြစ်ရာ အဆိုပါအကျိုးကျေးဇူးများ ပြည်သူများထံ အမှန်တကယ် ရောက်မရောက် စိစစ်သုံးသပ်ရန် သက်ဆိုင်ရာဌာနများတွင် တာဝန်ရှိကြောင်း၊ စက်သုံးဆီရရှိမှုနှင့် ဖြန့်ဖြူးမှုအခက်အခဲများ၊ လုပ်ငန်းရပ်ဆိုင်းရမှုနှင့် တရားမဝင် ရောင်းချမှုတိုင်ကြားချက်များအပေါ် ကြီးကြပ်ဆောင်ရွက်ရန် အရေးကြီးပြီး ရန်ကုန်၊ မန္တလေးတို့တွင် ရှောင်တခင်စစ်ဆေးမှုများရှိသော်လည်း အခြားတိုင်းနှင့်ပြည်နယ် မြို့ကြီးများတွင် စစ်ဆေးအရေးယူမှု မရှိသလောက် တွေ့မြင်နေရသဖြင့် ပြည်သူ့အကျိုးခံစားခွင့်ကို အဓိကထား၍ ကြီးကြပ်စစ်ဆေးမှု၊ တာဝန်ခံမှုခိုင်မာစေမည့် အစီအမံများဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ် ကြောင်း ထောက်ခံဆွေးနွေးသည်။
သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဟေသားကြီးက အစိုးရအနေဖြင့် အခွန်ကင်းလွတ်ခွင့်ပေးလိုက် ခြင်းနှင့်ပတ်သက်၍ တင်သွင်းသူများ၊ ဖြန့်ဖြူးသူများနှင့် လက်လီရောင်းချသူများအထိ စာရင်းဇယားများကို တစ်ဆင့်ချင်းစစ်ဆေးကြပ်မတ်ရန် လိုအပ်ပါကြောင်း၊ အစိုးရ၏ အခွန်ကင်းလွတ်ခွင့်ပေးခြင်း၏ အကျိုးကျေးဇူးသည် ပြည်သူများထံ မရောက်ရှိပါက အစိုးရ၏မူဝါဒကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ရည်အပေါ် အခွန် ကင်းလွတ်ခွင့်ပေးခြင်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ် ခြင်းဖြစ်သည့်အတွက် အမှန်တကယ် လျှပ်စစ်ဓာတ်အား မည်မျှထုတ်လုပ်နိုင်ခဲ့သည်ကို တိုင်းတာ သင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒီဇယ်နှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့် တိုးမြှင့်ပေးခြင်းသည် ပြည်သူများ၏ စားဝတ်နေရေး၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအတွက် အထောက်အကူဖြစ်စေသည်ဖြစ်သော ကြောင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်က ဒီဇယ်ဆီနှင့် LNG သည် စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ စက်မှု နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် မရှိမဖြစ် စွမ်းအင်ဖြစ်သဖြင့် အခွန်သက်သာခွင့်ပေး ခြင်းကို နားလည်သော်လည်း အခွန်ကင်းလွတ်ခွင့်ပေးခြင်းနှင့် ပြည်သူများ အမှန်တကယ် အကျိုးခံစားရခြင်းသည် တစ်ထပ်တည်းမဟုတ်ပါကြောင်း၊ တင်သွင်းသူများဘက်တွင် ကုန်ကျစရိတ် လျော့ကျနိုင်သော်လည်း ပြည်တွင်း လက်ကားဈေး၊ လက်လီဈေး၊ သယ်ယူပို့ဆောင်ခနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများတွင် အမှန်တကယ်လျော့ကျသွားခြင်း ရှိမရှိ စိစစ်ရန်လိုအပ်ကြောင်းနှင့် အခွန်ကင်းလွတ်ခွင့်ရရှိသည့် စွမ်းအင်များ သတ်မှတ်လုပ်ငန်းကဏ္ဍသို့ အမှန်တကယ် ရောက်ရှိမှု ရှိမရှိ၊ တရားမဝင် ဈေးကွက်စီးဆင်းမှုမရှိစေရေး ကြပ်မတ်ရန်နှင့် အကျိုး ရလဒ်များကို လွှတ်တော်သို့ ပြန်လည်တင်ပြသည့် စနစ်ထားရှိသင့်ကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ကြည့်မြင်တိုင်မဲဆန္ဒနယ်မှ ဦးခင်လှိုင်နှင့် မကွေးတိုင်းဒေသကြီး ကိုယ်စား လှယ် အမှတ်(၁) ဦးအောင်လှထွေးတို့က ဆက်လက်ဆွေးနွေးကြသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က နိုင်ငံ တော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိက အသုံးပြုရသည့် ဒီဇယ်ဆီ HSD (500 ppm) ကို ကုန်ဈေးနှုန်း တည်ငြိမ်စေရန်၊ အများပြည်သူအတွက် လျှပ်စစ်ဓာတ်အားဈေးနှုန်း မြင့်တက်မှုမရှိစေရန်၊ ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရန်နှင့် အခြေခံပြည်သူလူထု၏ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့ စေရေးကို အဓိကဦးတည်ပြီး ဒီဇယ်ဆီ HSD (500 ppm) နှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တို့အပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်း ဖြစ်ပါကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ရသည့် အကြောင်းရင်းများစွာ ရှိသည့်အနက် အခွန်ကောက်ခံမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရန်နှင့် အခွန်၏သက်ရောက်မှု နည်းပါးစေရန်အတွက် အခွန်ကင်းလွတ်ခွင့်ပြုရန် တင်ပြဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း။
ပြည်ပမှတင်သွင်းလာသည့် စက်သုံးဆီများကို ဈေးနှုန်းသတ်မှတ်ရာတွင်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနက အခွန်မပါသည့်ဈေးနှုန်းဖြင့်သာ သတ်မှတ်၍ ပြည်တွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေခြင်း ဖြင့် အခွန်ကောက်ခံမှုကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုမရှိစေရန် သက်ဆိုင်ရာ ကော်မတီများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas-LNG) အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့ အတွက် (၂) လ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုနိုင်ရေး ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြု ချက်ရယူပေးနိုင်ပါရန် ပြန်လည်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ ဆန္ဒမဲရယူရာ ထောက်ခံမဲ ၄၆၁ မဲ၊ ကန့်ကွက်မဲ ၃၀ နှင့် ကြားနေမဲ ၃၄ မဲရရှိပြီး ထောက်ခံဆန္ဒမဲများသည့်အတွက် သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပလက်ဝ-ဇိုရမ်ပူရ် နှစ်လမ်းသွား လမ်းဖောက်လုပ်ခြင်းစီမံကိန်းအတွက် တင်သွင်း ခဲ့သော မော်တော်ယာဉ်(၅)စီးအပေါ် ကျသင့်မည့် အထူးကုန်စည်ခွန်အား ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက ပလက်ဝ - ဇိုရမ်ပူရ် နှစ်လမ်းသွားလမ်း ဖောက်လုပ် ရေးစီမံကိန်းသည် မြန်မာနိုင်ငံ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ဇိုရမ်ပူရ် ကို ဆက်သွယ်ဖောက်လုပ်မည့် နှစ်လမ်းသွား အဝေးပြေးလမ်း စီမံကိန်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းသည် အိန္ဒိယအရှေ့မြောက်ဒေသနှင့် စစ်တွေဆိပ်ကမ်းကို ချိတ်ဆက်၍ ပင်လယ်ရေကြောင်း၊ မြစ်ကြောင်းနှင့် ကုန်းလမ်းတို့ကို ပေါင်းစပ်ကာ ဘင်္ဂလားပင်လယ်အော်သို့ ကုန်စည်သယ်ယူပို့ဆောင်မည့် အဓိကလမ်းကြောင်းဖြစ်သည့်အတွက် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ပြုခြင်းဖြင့် အသုံးစရိတ်လျှော့ချနိုင်ကာ လမ်းဖောက်လုပ်မှု လျင်မြန်စေမည်ဖြစ်၍ အလွဲသုံးစားမဖြစ်စေရေး တိကျစွာသတ်မှတ်ကြီးကြပ်လျက် မော်တော်ယာဉ် ၅ စီး အပေါ် ကျသင့်မည့် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ကို လေးနက်စွာထောက်ခံပါကြောင်း ဆွေးနွေးသည်။
ကလေးမဲဆန္ဒနယ်မှ ဦးခင်မောင်သန်းက အဆိုပါစီမံကိန်းသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးဒေသအပါအဝင် နယ်စပ်ကုန်သွယ်ရေး ကွင်းဆက်များကို အထူးအကျိုးပြုမည်ဖြစ်ကြောင်း၊ ထို့ပြင် ကလေးစက်မှုဇုန်မှ ယခင်က ချင်းပြည်နယ်နှင့် နာဂဒေသများအတွက် မောင်မြန်မာ မော်တော်ယာဉ်များနှင့် လယ်ယာသုံး စက်ကိရိယာများကို ၂၀၁၉ ခုနှစ် ကိုဗစ်မတိုင်မီအထိ ထုတ်လုပ်နိုင်ခဲ့ရာ အဆိုပါလုပ်ငန်းများကို နိုင်ငံတော်၏ အထောက်အပံ့၊ MSME ချေးငွေများဖြင့် ပြန်လည်ဦးမော့လာစေပါက စီမံကိန်းများအတွက် ပြည်တွင်းထုတ် စက်ပစ္စည်းများကို အစားထိုးအသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် မော်တော်ယာဉ် ၅ စီးအပေါ် ကျသင့်မည့် အထူးကုန်စည်ခွန်အား ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ထောက်ခံဆွေးနွေးသည်။
သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံက လမ်းပန်းဆက်သွယ်ရေးသည် ဒေသဖွံ့ဖြိုးရေး၏ သွေးကြောဖြစ်ပြီး ပလက်ဝကဲ့သို့ ဒေသတွင်းနှစ်လမ်းသွား လမ်းဖောက်လုပ်နိုင်ခြင်းသည် ပြည်သူများ၏ လူမှုစီးပွားအတွက် အခွင့်အလမ်း တံခါးသစ်များ ဖွင့်လှစ်ပေးခြင်းဖြစ်သည့်အပြင် အဆိုပါစီမံကိန်းသည် နှစ်နိုင်ငံ ချုပ်ဆိုထားသည့် Framework Agreement နှင့်အညီ အကောင်အထည်ဖော်နေခြင်းဖြစ်သဖြင့် စီမံကိန်းအချိန်မီပြီးစီးရေး လိုအပ်သော အထောက်အပံ့များ ဖြည့်ဆည်းပေးသင့်ကာ တင်သွင်းလာသည့် မော်တော်ယာဉ် ၅ စီးအပေါ် ကျသင့်မည့် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ပြုရေးကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ်(၁၀) ဦးသန်းအေး (ခ) ဦးတင်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ်(၆) ဦးအေးပိုင် တို့က ထောက်ခံဆွေးနွေး ကြသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ယခုကဲ့သို့ ပြည့်ပြည့်စုံစုံ အကြံပြုထောက်ပြဆွေးနွေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို အထူးကျေးဇူးတင်ရှိပြီး ဌာနအနေဖြင့်လည်း အဆိုပါမော်တော်ယာဉ်များကို သက်ဆိုင်ရာလုပ်ငန်းတွင်သာ အကျိုးရှိစွာ အသုံးချသွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၇ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က ပလက်ဝ-ဇိုရမ်ပူရ် နှစ်လမ်းသွား လမ်းဖောက်လုပ်ခြင်းစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ (Grant Aid) ဖြင့် ၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် နယ်မြေအခြေအနေအရ စီမံကိန်းလုပ်ငန်းများ ရပ်တန့်ခဲ့ရသည့်အတွက် Drawback စနစ်ဖြင့် တင်သွင်းခဲ့သည့် မော်တော်ယာဉ် (၅) စီးကို မူလနိုင်ငံသို့ ပြန်လည်တင်ပို့မှု မရှိနိုင်ခြင်းကြောင့် ပြည်တွင်းသုံးစွဲမှုစနစ်သို့ ပြောင်းလဲဆောင်ရွက်ရာတွင် ကျသင့်မည့် အထူးကုန်စည်ခွန်ကို ကင်းလွတ်ခွင့်ပြုရန် လိုအပ်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ပလက်ဝ-ဇိုရမ်ပူရ် နှစ်လမ်းသွား လမ်းဖောက်လုပ်ခြင်းစီမံကိန်းအတွက် တင်သွင်းခဲ့သော မော်တော်ယာဉ် (၅) စီးအပေါ် ကျသင့်မည့် အထူးကုန်စည်ခွန်အား ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ၂ဝ၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် ပြန်လည်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ ဆန္ဒမဲရယူရာ ထောက်ခံမဲ ၅၂၃ မဲ၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေမဲ ၆ မဲ ရရှိပြီး ထောက်ခံ ဆန္ဒမဲများသည့်အတွက် သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်၏ ၂ဝ၂၅ ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း က ကော်မရှင်ကိုအဖွဲ့ဝင် ၁၃ ဦးဖြင့် ဘာသာရပ်အလိုက် တာဝန်ခွဲဝေဆောင်ရွက်လျက်ရှိပြီး ဌာန ၆ ခုအပြင် နေပြည်တော်၊ မန္တလေး၊ စစ်တွေနှင့် ပုသိမ်မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိကြောင်း၊ လူ့အခွင့် အရေးမြှင့်တင်ရေးနှင့် အသိပညာပေးရေးအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ကြက်ခြေနီအသင်းနှင့် လူငယ်ရေးရာကော်မတီတို့၌ ဟောပြောပွဲများပြုလုပ်ခြင်း၊ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ လူ့အခွင့် အရေးသင်ခန်းစာ ၁၈ ခုပို့ချခြင်းနှင့် သတင်းထုတ်ပြန်ချက် ၁၇ ခု ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအနေဖြင့် တိုင်တန်းချက် ၃၄၆ စောင်နှင့် သတင်းမီဒီယာအရ ဆောင်ရွက်မှု ၁ မှု လက်ခံရရှိခဲ့ရာ သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းမေးမြန်းခြင်း၊ တိုင်တန်းသူများထံ အကြံပြုချက် ပြန်ကြားခြင်း၊ ကော်မရှင်ရုံးသို့ ခေါ်ယူ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး တိုင်တန်းချက်များအနက် မြေယာကိစ္စ ၂၈ ဒသမ ၅၃ ရာခိုင်နှုန်း၊ တရားရေးကိစ္စ ၁၂ ဒသမ ၀၁ ရာခိုင်နှုန်းနှင့် အကျဉ်းထောင်ကိစ္စ ၁၁ ဒသမ ၂၃ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း၊ တိုင်တန်းချက်အရ ကွင်းဆင်းစုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည့်အပြင် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း၊ ရဲစခန်း၊ တရားရုံး၊ အချုပ်ခန်း၊ ဘိုးဘွားရိပ်သာနှင့် လူငယ်သင်တန်းကျောင်းများကို စစ်ဆေး၍ အကြံပြုချက်များ ပေးပို့ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလည်း ပြည်တွင်းလေ့လာသူအဖြစ် စောင့်ကြည့်လေ့လာခဲ့ကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ရပ်နား လိုက်ပြီး အစည်းအဝေး နဝမနေ့ကို နိုဝင်ဘာ ၅ ရက် တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#News #Myanmar