
နေပြည်တော်၊ နိုဝင်ဘာ ၄
သမိုင်းစဉ်ကာလတစ်လျှောက်တွင် နိုင်ငံ့ဂုဏ်တင့်စေရန် အားထုတ်ကြိုးပမ်း မြှင့်တင်ပေးခဲ့ကြသည့် ရှေးမြန်မာမင်းများ၊ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့ကြသည့် သူရဲကောင်းများ၊ သူ့ကျွန်မခံ တွန်းလှန်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင်ကြီးများ၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလနှင့်လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် နိုင်ငံ့အရေးအတွက် စွန့်လွှတ်ပေးဆပ်မှုများဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သားများ၏ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ချက်များအား မြင်တွေ့လေ့လာမှုများမှတစ်ဆင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ တိုးတက် ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမများသည် ယမန်နေ့က တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက် လေ့လာကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော်(လေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များနှင့် တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသည့် စစ်ရေယာဉ် ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကြသည်။
ထို့နောက် တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်း ရုပ်ရှင်ကို ကြည့်ရှုကြသည်။ ထို့နောက်ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသောကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမများအတွက် မုန့်များပေးဝေကြသည်။
ယင်းနောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက် နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့် ရှုလေ့လာ၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးသည်။
ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ မေးခွန်များကို မှန်ကန်စွာ ဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြပြီး ပြတိုက် တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။
#News #Myanmar
