Myanmar National Post

ရန်ကုန်တိုင်းဒေသကြီး၌ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ


ရန်ကုန်၊ နိုဝင်ဘာ ၄

အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ခန်းမ၌ ကျင်းပသည်။

အဆိုပါနှီးနှောဖလှယ်ပွဲကို ခုံသမာဓိကောင်စီ၊ အောက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ခုံသမာဓိအဖွဲ့ဝင်များနှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအချင်းချင်း အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့်အညီ အငြင်းပွားမှုများကို ဖျန်ဖြေ၊ စစ်ဆေးဆုံးဖြတ်ခဲ့သည့် အတွေ့အကြုံများကို မျှဝေဖလှယ်နိုင်ရန်၊ နောင်ဖြစ်ပွားလာမည့် အငြင်းပွားမှုများကို ပိုမိုမြန်ဆန်စွာ ဖြေရှင်းနိုင်မည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်နိုင်ပြီး ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

နှီးနှောဖလှယ်ပွဲတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က လုပ်ငန်းခွင် ပြဿနာများကို WCC တွင် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခြင်းဖြင့် အချိန်တိုအတွင်း ပြေလည်မှုရရှိခြင်းကြောင့် လုပ်ငန်းခွင်ငြိမ်းချမ်းသာယာခြင်း၊ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်ပြီး အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေမည်ဖြစ်ကြောင်း၊ WCC တွင် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်သော်လည်း ပြေလည်မှုမရရှိသည့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့ဖြင့် အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အမှာစကားပြောကြားသည်။

အလားတူ တာဝန်ရှိသူများက နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ရသည့်ကိစ္စရပ်များ၊ ဦးစီးဌာနအလိုက် စည်းကြပ်သည့် ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အလုပ်သမားရေးရာ အငြင်းပွားမှုများ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသည့် ကိုယ်စားလှယ်များက အုပ်စုလေးစုဖွဲ့၍ အလုပ်သမား ရေးရာအငြင်းပွားမှုများကို တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခြင်း၊ အလုပ်သမားအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ရေရှည်တည်တံ့သော လုပ်ငန်းခွင်ဆက်ဆံရေးတည်ဆောက်ခြင်း၊ လူမှုဖူလုံရေးစနစ်နှင့် အာမခံချက်ရှိသော အကျိုးခံစားခွင့်စံနှုန်းများ၊ အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များနှင့် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်တစ်ရပ်ဖြစ်ပေါ်ရေး ခေါင်းစဉ်များအပေါ် အုပ်စုအလိုက်ဆွေးနွေးခြင်း၊ ခေါင်းစဉ်အလိုက် အကြံပြုဆွေးနွေးချက်များကို အကျိုးရလဒ်များထွက်ပေါ်သည်အထိ အပြန်အလှန် ရှင်းလင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး နှီးနှောဖလှယ်ပွဲများမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ်မူတည်၍ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု လျော့ပါးစေရေးအတွက် အသိပညာပေးခြင်း၊ အငြင်း ပွားမှုဖြစ်ပေါ်လာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများ လျော့နည်းကျဆင်းကာ လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် ကုန်ထုတ်စွမ်းအား မြင့်မားလာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#News #Myanmar



မူရင်းသတင်း — Myanmar National Post