Myanmar Digital News

ဓာတ်အားလေလွင့်ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားခကြွေးကျန် လျော့နည်းကျဆင်းရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရန်မှာကြား

ရန်ကုန် နိုဝင်ဘာ ၃

 

သင်္ဃန်းကျွန်း မြို့နယ်တွင် လစဉ် ဓာတ်အားပျောက်ဆုံးမှု ၁၅ ရာခိုင်နှုန်းကျော်ရှိနေပြီး စက်တင်ဘာလအတွင်း ယူနစ် ၄ ဒသမ ၂ သန်း ပျောက်ဆုံးခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဓာတ်အား လေလွင့်ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားခကြွေးကျန် လျော့နည်း ကျဆင်းရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယမန်နေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ မီတာဖတ်စာရေးများနှင့် သီးခြားတွေ့ဆုံ၍ သင်္ဃန်းကျွန်းမြို့နယ်သည် ဓာတ်အား လေလွင့်ပျောက်ဆုံးမှု များပြားသည့် မြို့နယ်ဖြစ်သဖြင့် ဓာတ်အား ပျောက်ဆုံးမှုကို ၁၀ ရာခိုင်နှုန်း အောက်သို့ လျှော့ချနိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်ရန်၊ မီတာဖတ်ရှုစဉ် ရပ်တန့်နေသည့်၊ ပျက်စီးနေသည့်၊ လည်ပတ်မှုနှေးကွေးနေသည့် မီတာများနှင့် ပုံမှန်မဟုတ်သည့် မီတာများကို တွေ့ရှိပါက လျှပ်စစ်ပုံစံ ၂၉၀ ဖြင့် တာဝန်ရှိသူအဆင့်ဆင့်ထံ စနစ်တကျတင်ပြရန်၊ ပျမ်းမျှနှုန်းထားဖြင့် ဓာတ်အားခကောက်ခံနေရသည့် မီတာများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ အမြန်ဆုံး အစားထိုးတပ်ဆင်ရန်နှင့် ဝန်ထမ်းများအနေဖြင့် တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများတွင် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိစေရေးတို့ကို မှာကြားသည်။

 

ထို့ပြင် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ၃၃/၁၁-၆ ဒသမ ၆ ကေဗွီ သင်္ဃန်းကျွန်းမြို့နယ်ရုံး ဓာတ်အားခွဲရုံသို့ သွားရောက်၍ ဖီဒါတစ်ခုချင်းအလိုက် ဓာတ်အားဖြန့်ဖြူးထားမှု၊ မီတာဖတ်ရှုထားမှုနှင့် မီတာဖတ် မှတ်တမ်းကတ်များတွင် အချက်အလက်များ ရေးသွင်းထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒေါပုံမြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲမှု များပြားသည့် လုပ်ငန်းကြီးများသို့ သွားရောက်ကာ စီတီမီတာများ တပ်ဆင်အသုံးပြုထားမှု အခြေအနေများနှင့် မီတာဖတ်ချက်များ မှန်ကန်မှုရှိ၊ မရှိတို့ကို အသေးစိတ် ကွင်းဆင်းကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News