Myanmar Digital News

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား လာအိုအမျိုးသား ကာကွယ်‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲက ဂုဏ်ပြုကြိုဆို တွေ့ဆုံဆွေးနွေး၊ အညတရ စစ်သည်ဗိမာန်သို့ သွားရောက် ပန်းခွေချ အလေးပြု

နေပြည်တော် နိုဝင်ဘာ ၃

 

လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ယနေ့မွန်းလွဲပိုင်းတွင် လာအိုအမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲ Lieutenant General Saichay Kommasith က ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

 

တက်ရောက်

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်ကြပြီး လာအို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲနှင့်အတူ လာအိုပြည်သူ့ တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပမည့် လာအို အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနသို့ ရောက်ရှိရာ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲက ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြသည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲတို့သည် နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများနှင့် အပြန် အလှန် မိတ်ဆက်ပေးကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲတို့သည် ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက် ခိုင်မာစေရေးဆိုင်ရာ ကိစ္စရပ် များ၊ တပ်မတော်နှစ်ရပ်အကြား အဆင့်လိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး၊ နယ်စပ်ဒေသကုန်သွယ်မှုတိုးမြှင့် ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာများ၊ တပ်မတော်အားကစားအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ အပြန် အလှန် စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်း လောင်းကစားမှု ပပျောက်စေရေးအတွက် နှိမ်နင်းလျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှု များအား အမြစ်ပြတ်ချေမှုန်းရန်၊ ဒေသတွင်း၌ အွန်လိုင်း လောင်းကစားမှုနှင့် အွန်လိုင်း လိမ်လည်မှုများ ကင်းစင်ပပျောက်စေရန်နှင့် အနာဂတ်တွင်လည်း ထပ်မံပေါ်ပေါက်လာခြင်း မရှိစေရန်ရည်ရွယ်၍ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်လျက်ရှိမှုနှင့် ယနေ့အထိ အွန်လိုင်း လိမ်လည်မှုနှင့် သက်ဆိုင်သော အဆောက်အအုံ ၁၀၅၃ လုံးအား ဖြိုချဖျက်ဆီးခဲ့မှု အခြေအနေများ။

 

မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့် မူးယစ် ဆေးဝါးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းမှတစ်ဆင့်ရရှိသော ဝင်ငွေများဖြင့် လက်နက်/ခဲယမ်းများ ဝယ်ယူဖြည့်တင်း၍ အင်အားတည်ဆောက်လျက်ရှိသဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ခိုအောင်းနေထိုင်မှု မရှိစေရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC) နှင့် ပူးတွဲ နယ်ခြားလုံခြုံရေးကော်မတီ (JBSC) အစည်းဝေးများ ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိစေရေးနှင့် ဖွံ့ဖြိုး တိုးတက်စေရေး နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် အညတရ စစ်သည် ဗိမာန်သို့ သွားရောက်၍ ပန်းခွေချ အလေးပြုသည်။

 



 

ဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် အညတရသူရဲကောင်း စစ်သည်ဗိမာန်သို့ရောက်ရှိကြရာ လာအိုနိုင်ငံမှ အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ကြသည်။

 

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် လာအိုပြည်သူ့ တပ်မတော်မှ စစ်တီးဝိုင်းအဖွဲ့၏ တီးမှုတ်မှုနှင့်အတူ အညတရသူရဲ ကောင်းစစ်သည်ဗိမာန်၌ ဂုဏ်ပြု ပန်းခွေချ အလေးပြုသည်။

 

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လာအိုနိုင်ငံမှ တပ်မတော် အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News