Myanmar Digital News

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးအား တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၃

 

လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသား ကာကွယ်ရေးဝန်ကြီး General Khamlieng Outha- kayson အား ကာကွယ်ရေးဝန်ကြီး ဌာနရုံး အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်ကြပြီး လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးနှင့်အတူ လာအိုပြည်သူ့ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ စစ်ဘက် ဆက်ဆံရေး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံဆက်ဆံရေးတို့တွင် တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် တို့ပါဝင်သော CLMV အဖွဲ့ဝင်နိုင်ငံလေးနိုင်ငံ၊ မဟာမဲခေါင် ဒေသခွဲအဖွဲ့၊ ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့ တို့တွင်လည်း အဖွဲ့ဝင် နိုင်ငံများအဖြစ် ဒေသတွင်း တိုးတက်ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် နီးကပ်စွာပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ မဲခေါင်မြစ်လုံခြုံရေး အပါအဝင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရေး ကောင်းမွန်အောင် နေထိုင်လျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နှင့်အညီ ရပ်တည်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုများဖြစ်သော ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသည့် နိုင်ငံတော်အစိုးရသည် ပြည်သူ့ဆန္ဒကို လက်တွေ့အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒနှင့်အညီ အိမ်နီးချင်း ကောင်းနိုင်ငံများ၊ အာဆီယံနိုင်ငံ များအပါအဝင် နိုင်ငံတကာနှင့် ဟန်ချက်ညီ ဆက်သွယ်ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော် အနေဖြင့်လည်း အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို  နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုဖြင့် ကာကွယ် စောင့်ရှောက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြကာ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

 

မူရင်းသတင်း — Myanmar Digital News