
#World_Health
Published 04 November 2026
■ သံပုရာရည်နဲ့ ရေကို ရောသောက်တာဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး လူအများကြားမှာ ခေတ်စားလာတဲ့ မနက်ခင်းအလေ့အကျင့်တစ်ခုပါ။ ကယ်လိုရီလည်းနည်းတယ်၊ သောက်ရတာလည်း လန်းဆန်းတယ်၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်လို့လည်း ယုံကြည်ကြပါတယ်။
■ ဒါပေမဲ့ သွားကျန်းမာရေးအတွက်တော့ သတိထားဖို့ လိုပါတယ်။ သံပုရာသီးမှာ အက်ဆစ်ဓာတ်များတာကြောင့် မကြာခဏနဲ့ နည်းလမ်းမမှန်ဘဲ သောက်သုံးမယ်ဆိုရင် သွားရဲ့အပြင်ဘက်ကာကွယ်လွှာကိုပျက်စီးစေနိုင်ပါတယ်။
■ ဒီသွားရဲ့ အပြင်ဘက်ကာကွယ်လွှာကို သွားကြွေလွှာ လို့ ခေါ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ အမာဆုံးအရာတစ်ခုဖြစ်ပေမဲ့ အက်ဆစ်ဒဏ်ကိုတော့ အမြဲခံနိုင်တာမဟုတ်ပါဘူး။
■ သံပုရာသီး၊ လိမ္မော်သီး၊ ဂက်စ်ပါတဲ့ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ သစ်သီးဖျော်ရည်တချို့မှာ အက်ဆစ်ဓာတ်ပါဝင်တာကြောင့် ပါးစပ်ထဲက pH အဆင့်ကို လျော့ကျစေပါတယ်။
■ အက်ဆစ်ဓာတ်များလာတဲ့အခါ သွားကြွေလွှာထဲက သတ္တုဓာတ်တွေ တဖြည်းဖြည်း ဆုံးရှုံးလာနိုင်ပါတယ်။ ဒါကို Demineralization လို့ ခေါ်ပါတယ်။
■ အစပိုင်းမှာတော့ ဘာနာကျင်မှုမှ မခံစားရတတ်ပါဘူး။ နောက်ပိုင်းကျမှ အေးတာ၊ ပူတာ၊ ချိုတာတွေ စားသောက်တဲ့အခါ သွားကျဉ်လာနိုင်ပါတယ်။
■ သွားကြွေလွှာ ပါးလာတဲ့အခါ အောက်ခံအလွှာဖြစ်တဲ့ သွားအတွင်းသားရဲ့ အဝါရောင်က ပိုပေါ်လာတာကြောင့် သွားတွေ ဝါလာသလို မြင်ရနိုင်ပါတယ်။ ပိုဆိုးလာရင် သွားမျက်နှာပြင် ကြမ်းလာတာ၊ နာကျင်တာနဲ့ သွားပိုးစားနိုင်ခြေပါ မြင့်တက်လာနိုင်ပါတယ်။
■ သံပုရာရည်က သွားတွေကိုဘယ်လိုထိခိုက်စေတာလဲ
■ အဓိကပြဿနာက သံပုရာရည်သောက်တာတစ်ခုတည်း မဟုတ်ပါဘူး။ ဘယ်လိုသောက်သလဲဆိုတာကလည်း အရေးကြီးပါတယ်။
ဥပမာ -
■ သံပုရာရည်တစ်ခွက်ကို တစ်နာရီလောက် ဖြည်းဖြည်းချင်း စုပ်သောက်နေမယ်။
■ သောက်တဲ့အခါ အရည်ကို ပါးစပ်ထဲမှာ ကြာကြာငုံထားမယ်။
■ တစ်နေ့ကိုအကြိမ်များစွာသောက်နေမယ်။
■ ဒီလိုလုပ်တာတွေက သွားတွေကို အက်ဆစ်နဲ့ ထိတွေ့နေရတဲ့အချိန် ပိုကြာစေပါတယ်။
■ နောက်ထပ် သတိထားရမယ့်အချက်တစ်ခုကတော့ သံပုရာရည်သောက်ပြီးတာနဲ့ သွားတိုက်တာပါ။
■ အက်ဆစ်နဲ့ ထိတွေ့ပြီးချိန်မှာ သွားကြွေလွှာက ခဏတာ ပျော့သွားနိုင်ပါတယ်။ အဲဒီအချိန်မှာ သွားတိုက်တံနဲ့ ချက်ချင်းတိုက်လိုက်ရင် ပျော့နေတဲ့သွားကြွေလွှာကို ပွတ်တိုက်မိပြီး ပိုပျက်စီးစေနိုင်ပါတယ်။
■ သံပုရာရည်သောက်တာက ခန္ဓာကိုယ်ကို Detox လုပ်ပေးတယ်ဆိုတာ တကယ်လား။
■ ဒါက လူအများ ယုံကြည်နေကြတဲ့ အယူအဆတစ်ခုပါ။ တကယ်တော့ သံပုရာရည်သောက်လို့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အထူးဖယ်ရှားပေးနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။
■ ခန္ဓာကိုယ်ထဲက စွန့်ပစ်ပစ္စည်းတွေနဲ့ မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားပေးဖို့ အသည်းနဲ့ ကျောက်ကပ်က ပုံမှန်အလုပ်လုပ်ပေးနေပါတယ်။
■ သံပုရာသီးကတော့ ရေသောက်ရတာ ပိုအရသာရှိစေတယ်၊ ဗီတာမင် C ရရှိစေတယ်ဆိုတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ကို အတွင်းပိုင်းကနေ သန့်စင်ပေးတာ၊ ကိုယ်အလေးချိန်ကို သိသိသာသာ မြန်မြန်ကျစေတာမျိုးတော့ မဟုတ်ပါဘူး။
■ ဘယ်သူတွေ ပိုသတိထားသင့်လဲ။
■ အစာအိမ်အက်ဆစ်ပြန်တက်တတ်သူ၊ ရင်ပူတတ်သူနဲ့ အစာရေမျိုပြွန်ရောင်ရမ်းသူတွေမှာ သံပုရာရည်လို အက်ဆစ်ဓာတ်ပါတဲ့ အရည်တွေ သောက်တဲ့အခါ ရောဂါလက္ခဏာ ပိုဆိုးလာနိုင်ပါတယ်။
■ ဒါ့အပြင် တံတွေးကလည်း သွားကျန်းမာရေးအတွက် အရေးကြီးတဲ့ ကာကွယ်ရေးစနစ်တစ်ခုပါ။
■ တံတွေးက ပါးစပ်ထဲက အက်ဆစ်တွေကို ဆေးကြောပေးတယ်၊ သွားထဲက သတ္တုဓာတ်တွေ ပြန်လည်ဖြည့်တင်းပေးတယ်။
■ ဒါကြောင့် တံတွေးထွက်နည်းစေတဲ့ ဆေးဝါးတွေ သောက်နေရသူတွေပါးစပ်ကနေ အသက်ရှူလေ့ရှိသူတွေတံတွေးထွက်နှုန်းကိုထိခိုက်စေတဲ့ ရောဂါရှိသူတွေဟာ သွားကြွေလွှာပျက်စီးနိုင်ခြေ ပိုများတာကြောင့် အက်ဆစ်ဓာတ်ပါတဲ့ အရည်တွေကိုပိုပြီးသတိထားသင့်ပါတယ်။
■ ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာလည်း သတိထားဖို့ လိုပါတယ်။ သံပုရာရည်ထည့်ထားတဲ့ ရေဘူးကို တစ်နေ့လုံး ဘေးမှာထားပြီး ခဏခဏသောက်နေမယ်ဆိုရင် သွားတွေဟာ အက်ဆစ်နဲ့ အကြိမ်ကြိမ် ထိတွေ့နေရမှာပါ။
■ သဘာဝသစ်သီးဖျော်ရည်ဖြစ်တယ်ဆိုပြီး သွားအတွက် အမြဲတမ်း ဘေးကင်းတယ်လို့ မယူဆသင့်ပါဘူး။
■ တကယ်တော့ သံပုရာသီးဟာ ရန်သူမဟုတ်ပါဘူး။ အစားအစာနဲ့ အဖျော်ယမကာတွေမှာ အရသာရှိစေတယ်၊ ဗီတာမင် C လည်း ပါဝင်ပါတယ်။
■ ဒါပေမဲ့ သွားတွေမှာတော့ အက်ဆစ်နဲ့ထိတွေ့မှုကနေ အနားယူဖို့အချိန်လိုပါတယ်။
■ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ယူဆထားတဲ့ အလေ့အကျင့်တစ်ခုဟာ သောက်သုံးတဲ့ ပမာဏ၊ အကြိမ်ရေနဲ့သောက်သုံးပုံ မမှန်ရင်ပြန်ပြီးထိခိုက်မှုဖြစ်စေနိုင်ပါတယ်။
■ ဒါကြောင့် မနက်တိုင်း သံပုရာရည်သောက်တတ်တယ်ဆိုရင် သောက်တဲ့ပုံစံလေးကို ပြန်စဉ်းစားကြည့်ပါ။ ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်သလို သွားကျန်းမာရေးကိုလည်း မမေ့သင့်ပါဘူး။
Source- The Jerusalem Post