Myanmar Digital News

မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးနှင့် သင်ကြားရေးဆေးရုံကြီးတို့တွင် အယ်လ်နီညိုရာသီဥတုဒဏ် ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားရှိ

မကွေး နိုဝင်ဘာ ၃

 

မကွေးတိုင်းဒေသကြီး မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးတွင် အယ်လ်နီညိုဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူလွန်ကဲမှုဆိုင်ရာ ကျန်းမာရေးပြဿနာများနှင့် အပူဒဏ်ကြောင့်ဖြစ်ပွားတတ် သော ကူးစက်ရောဂါများ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရေးပေါ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ကြိုတင်စုဆောင်း ပြင်ဆင်ထားရှိကြောင်း အဆိုပါ ဆေးရုံမှ သိရသည်။

 

တိုင်းပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ကြိုတင်စုဆောင်း ပြင်ဆင်ထားရှိ မှု၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားရှိမှု၊ ဆေးရုံတက် လူနာများအား ဆေးကုသပေးနေမှု အခြေအနေကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့် အတူ ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဆေးကုသမှု ခံယူနေသည့် လူနာများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ လှူဒါန်းသည်။

 

ထို့အတူ သင်ကြားရေးဆေးရုံကြီးတွင် အယ်လ်နီညိုရာသီဥတု ကာကွယ်ရေးအတွက် အရေးပေါ် လူနာဌာန၊ လူနာဆောင်များနှင့် ဆေးဝါးသိုလှောင်ရုံများအတွင်း ပြင်ဆင်ထားရှိမှု၊ လေဝင် လေထွက် ကောင်းမွန်ရေးနှင့် အပူဒဏ်သက်သာစေရန် စီမံထားရှိမှု၊ အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများအတွက် ၂၄ နာရီ အချိန်မရွေး ဆောင်ရွက်ပေးနိုင်ရန် ခွဲစိတ်ခန်းများနှင့် Mobile OT ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဆေးကုသဆောင်နှင့် လိုအပ်သည့် နေရာများတွင် တပ်ဆင်အသုံးပြုနိုင်ရန် လေအေးပေးစက်များ တပ်ဆင်နိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဆေးကုသမှု ခံယူနေသူ လူနာများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

 

ဆက်လက်၍ ဆေးတက္ကသိုလ် (မကွေး)၌ Recreation Center ဆောက်လုပ်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အဆောက်အအုံ ရေရှည် ခိုင်ခံ့ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးတို့နှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

 

မောင်ခိုင်မင်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News