Myanmar Digital News

သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃

 

သမဝါယမစနစ်ဖြင့် ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ရန်၊ မြန်မာ့အစဉ်အလာ နှင့်ကိုက်ညီသည့် စုပေါင်းသမဝါယမစနစ်ကို ဖော်ဆောင်ပြီး တောင်သူများ စုပေါင်းစိုက်ပျိုးသည့် စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်ချက်များအား မျှော်မှန်းချက်၊ ရည်မှန်းချက်များအဖြစ် ခံယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပသည့် သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ပြောကြားခဲ့သည်။

 

ဆက်လက်၍ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲရာတွင် အဓိကအချက် ဖြစ်သည့် သမဝါယမစနစ် ပီပြင်စွာဖြစ်ပေါ်လာစေရန်၊ ခိုင်မာအားကောင်းသော စံပြအသင်းများ ဖြစ်လာစေရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အဓိကမောင်းနှင်အား အသင်းများဖြစ်ရန်၊ ချေးငွေအပေါ် အခြေခံ ရပ်တည်ခြင်းမှသည် ကိုယ်တိုင်ရပ်တည်လည်ပတ်နိုင်သည့် အသင်းများအဖြစ် မြှင့်တင်ဆောင်ရွက်ရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိသော၊ ကောင်းမွန်သော စီမံခန့်ခွဲမှုရှိသည့် အဂတိကင်းစင်သော အသင်းများဖြစ်ရန် အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့ပြင် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် ဗဟိုသမဝါယမအသင်း လီမိတက်မှ တာဝန်ရှိသူတို့က သမဝါယမကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာန ဦးစီးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသင်းစုချုပ်ဥက္ကဋ္ဌများက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက သမဝါယမကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု၊ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် အသင်းစုချုပ်ဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြသည့် စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများနှင့်စပ်လျဉ်းပြီး ဆောင်ရွက်မည့် လုပ်ငန်းအသေးစိတ်၊ အကောင်အထည်ဖော်မည့်ကာလ၊ ဘဏ္ဍာငွေဖြည့်တင်းမည့် အစီအစဉ်၊ တိုင်းတာမည့်အညွှန်းကိန်းများ ပါဝင်သည့် ရှေ့လုပ်ငန်းစဉ်များ၊ ရာသီအလိုက်၊ နှစ်အလိုက် စီမံချက်များကို အသင်းအလိုက်၊ မြို့နယ်အလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရေးဆွဲထားရှိရန် နှင့် SOP များ ရေးဆွဲဆောင်ရွက်ရန်၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မပြတ်သုံးသပ်အကဲဖြတ် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်  

မူရင်းသတင်း — Myanmar Digital News