NP News

ပြည်ပသို့သွားရောက်မည့်သူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၁၀၀) မှ (၅၀၀) ခန့် ကို X Market Online Trading Rate + (၁၀)ကျပ်ဖြင့် ရောင်းချပေး

ထိုက်စံ (NP News) - နိုဝင်ဘာ ၄

ပြည်ပသို့သွားရောက်မည့်သူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၁၀၀) မှ (၅၀၀) ခန့် ကို X Market Online Trading Rate + (၁၀)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားချက်အရ သိရသည်။

ပြည်ပသို့ထွက်ခွာရာတွင် မြန်မာနိုင်ငံသားများအနေဖြင့် အသေးသုံးနိုင်ငံခြားငွေ ငွေသား ဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကိုထိန်းသိမ်းရန်တို့ကိုရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (သို့) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူ၊ ပညာသင်သွားရောက်မည့်သူ၊ ဘုရားဖူးထွက်ခွာသူနှင့် ပြည်ပနိုင်ငံအစိုးရနှင့်အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန်ထွက်ခွာသူများအား တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန် ဒေါ်လာ (၁၀၀) မှ (၅၀၀) ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား) ကို အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ကြေညာပေးလျက်ရှိသော FX Market Online Trading Rate + (၁၀)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အသေးသုံးနိုင်ငံခြားငွေ ငွေသားများ ဝယ်ယူရရှိနိုင်သည့် AD လိုင်စင်ရဘဏ်များ၏ ကောင်တာများစာရင်းကို ဘဏ်များ၏ Website နှင့် Facebook Page များတွင် အသေးစိတ်အချက်အလက်များဖြင့် ကြေညာထားရှိပြီး Money Changer လိုင်စင်ရကုမ္ပဏီများ၏ Facebook Page များတွင်လည်း အသေးစိတ်အချက်အလက်များကို ကြေညာထားရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်မည့်သူ များအတွက် လေယာဉ်လက်မှတ်ကုန်ကျစရိတ်များအား FX Online Trading တွင် ဝယ်ယူရရှိ နိုင်ရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News