Myanmar Transparency News

အရှိန်လွန်ကားတစ်စီးက လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိရာမှ မောင်းနှင်သူအမျိုးသား သေဆုံးမှု ပခုက္ကူတွင် ဖြစ်ပွား

သက်တံ့
၄. ၁၁. ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ် (၁၁)၊ ၆ လမ်း၌ အရှိန်လွန်သည့် ယာဉ်တစ်စီးက လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိရာမှ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၃ ရက် ည ၈ နာရီခန့်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၁) ရပ်ကွက်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လမ်းအတိုင်း အရှေ့မှအနောက်သို့ အမှတ် (၁၁)ရပ်ကွက်နေ ဦးဝင်းပိုင်ဖြိုး(၃၇)နှစ် မောင်းနှင်လာသော YGN-21 9E/XXXX SUZUKI SWIFT အမျိုးအစား မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ တမာပင်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးဝင်းပိုင်ဖြိုးတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ ဝင်းပိုင်ဖြိုး အား ပခုက္ကူမြို့မရဲစခန်း ယာဉ်(ပ) ၁၀/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဥ်ကို ပခုက္ကူမြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး သေဆုံးသူ ကိုဝင်းပိုင်ဖြိုးအား ကာရုဏိကအသင်းမှ သူနာတင်ယာဉ်ဖြင့် ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

မူရင်းသတင်း — Myanmar Transparency News