
နိုဝင်ဘာ ၂ -၂၀၂၆
EP(VOM)
မကွေးတိုင်း တောင်တွင်းကြီးမြိုမှာ နေအိမ်ထဲအထိ ဝင်ရောက်ပြီး လူသတ်၊ ပစ္စည်းလုယူသွားတဲ့ တရားခံ ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း အသတ်ခံရသူ ဆွေမျိုး အသိုင်းဝိုင်းက သိရပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့ညက နေအိမ်ထဲ အသက်၂၃နှစ်အရွယ် မလင်းလက်ပြည့် တယောက် တည်းရှိနေတုန်း ဝင်ရောက်ကာ လူသတ်ခဲ့ပြီး Iphoneနဲ့ ငွေကျပ် နှစ်သိန်းသုံးသောင်းကျော် ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
လူသတ် ပစ္စည်းနဲ့ ငွေကြေး လုသွားသူ တရားခံ နှစ်ဦးဟာ အသက် ၁၉ နှစ်အရွယ် နိုင်လင်းဦးနဲ့ အသက် ၂၀ အရွယ် သီဟကျော်တို့ ဖြစ်ပါတယ်။
သူ နှစ်ဦးဟာ တောင်တွင်းကြီးမြို့ ၊ မောင်းတိုင် (၂ )ရပ်ကွက် သီရိအရပ်မှာ နေထိုင်သူတွေ ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်ပုန်းအောင်းရာ တောင်တွင်းကြီးအထွက်မှာ မြို့နယ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့မှာ လက်ရဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တောင်တွင်းကြီး မြို့မ ရဲစခန်းက စခန်းမှူးနဲ့ မြို့နယ် ရဲမှူးကို VOMက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းချသွားခဲ့ပါတယ်။
လက်ရှိမှာတော့ တရားခံလို့ စွပ်စွဲခံရသူနှစ်ဦးကို တောင်တွင်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။