Myanmar Digital News

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဖလမ်း နိုဝင်ဘာ ၄

 

ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ သင်တန်းသူများအား ယမန်နေ့မွန်းလွဲပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် တွေ့ဆုံအမှာစကားပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်ကာ ကျောင်းသား ကျောင်းသူအိပ်ဆောင်၊ စားရိပ်သာနှင့် စာသင်ဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

ယနေ့တွင် ဒုတိယဝန်ကြီးသည် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကလေး-ဖလမ်း လမ်းပိုင်း ၄၃ နှင့် ၄၄ ကီလိုမီတာအကြား မြေထိန်းနံရံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေး အလေးထား ဆောင်ရွက်ရန် မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ တောင်ဇလပ်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဖလမ်းမြို့ ခရိုင်နှင့် မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်အမှာ စကားပြောကြားသည်။

 

တွေ့ဆုံစဉ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ကော်မတီဝင်များက ဖလမ်းမြို့ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News