၅.၁၁.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ တံခွန်တိုင် (အင်းစိန်) ကျေးရွာ၊ အမှတ် (၃) လမ်းမကြီးနှင့် အမှတ် (၇) လမ်းမကြီးထောင့်တွင် ဟိုက်ဂျက်ယာဥ်နှင့် အဝေးပြေးခရီးသည်တင်ယာဥ်တို့ တိုက်မိရာမှ အမျိုးသားတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရမှု နိုဝင်ဘာလ ၄ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
ခရီးသည် ၁၅ ဦးခန့် တင်ဆောင်ကာ ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်နေသော “သစ်ဆန်း”ခရီးသည်တင်ယာဥ်နှင့် ထောက်ကြန့်မှ ဆင်ဖုံရွာသို့ အမှတ် (၇) လမ်းမကြီးအတိုင်း ယာဥ်မောင်းအပါအဝင် သုံးဦးလိုက်ပါလာသော ဟိုက်ဂျက်ယာဥ်တို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဥ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဥ်မောင်း ဦးစိန်တင်မှာ နေရာတွင် သေဆုံးခဲ့ပြီး ဟိုက်ဂျက်ယာဥ်ပေါ်လိုက်ပါလာသော အသက် ၂၈ နှစ်အရွယ် ကိုအောင်ကျော်မှာ နဖူးကွဲဒဏ်ရာ၊ အသက် ၃၈ နှစ်အရွယ် ဒေါ်မော်မော်စန်းမှာ ဘယ်ဘက်နဖူးနှင့် ဂျိုစောင်းပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ပြီး လူနာနှစ်ဦးမှာ မစိုးရိမ်ရကြောင်း သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့ကို မဇ္စျိမလှိုင်း လူမှုကူညီရေးအသင်းနှင့် ဘက်စုံလူမှုကူညီရေးအသင်းမှ အသင်းဝင်များက လှည်းကူးဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။