Myanmar Digital News

အယ်လ်နီညိုဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယအကြိမ် ဒေသတွင်း အစည်းအဝေးကျင်းပ

ရန်ကုန် နိုဝင်ဘာ ၄

 

အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ ဦးဆောင်ကျင်းပသော အယ်လ်နီညိုဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန် ရေးဆိုင်ရာ ဒုတိယအကြိမ် ဒေသတွင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Virtual စနစ်ဖြင့်  ပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်နှင့်  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်း များဖက်ဒရေးရှင်း မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Sanjeev Kumar Kafley တို့ သည် အသင်းဌာနချုပ် ရန်ကုန်ရုံးခွဲတွင် အွန်လိုင်းဖြင့်  တက်ရောက် ခဲ့သည်။

 

အယ်လ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ဆုံးရခန့်မှန်း ချက်များ၊ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့် ဒေသတွင်းနိုင်ငံများအပေါ် သက်ရောက်လာနိုင်သည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကျိုးဆက်များ နှင့်စပ်လျဉ်း၍ အမျိုးသား ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ၊ ဒေသတွင်း မိတ်ဖက်အဖွဲ့ အစည်းများအကြား သတင်း အချက်အလက်များနှင့် အမြင် သဘောထားများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အပူပိုင်းဒေသဖြစ်သော Dry Zone များကို အဓိက ဦးစားပေးပြီး ရေတွင်းတူးဖော်ရေးနှင့် ရေအရင်းအမြစ်များရရှိနိုင်ရေး၊ ရေဖြန့်ဝေပေးနိုင်ရေးအတွက် အကူအညီပေးရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ တွင်လည်း အရိပ်ရအနားယူနေရာများ ဆောက်လုပ်ပေးရန် စီစဉ်ထားရှိပါကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရာသီဥတုဖြစ်စဉ်များကို ဒေသအလိုက် ကြိုတင်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း မုန်တိုင်းဖြစ်နိုင်ခြေရှိရာ ခန့်မှန်း ကြိုတင် ပြင်ဆင်နိုင်ရေးများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပရဟိတလူမှုအဖွဲ့အစည်းများဖြင့်လည်း ချိတ်ဆက်ပူးပေါင်းကာ ကာလတို၊ ကာလလတ်နှင့် ကာလရှည်ရည်မှန်းချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသင်းဥက္ကဋ္ဌက ဆွေးနွေးသည်။

 

အဆိုပါ အစည်းအဝေးတွင် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းရုံး၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander Matheou၊ အာရှ-ပစိဖိတ် ဒေသ အတွင်းရှိ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရှေ့ဆက် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများအပေါ် ဒေသတွင်း သက်ဆိုင်သူများအကြား ဘုံနား လည်မှုတစ်ရပ်ရရှိစေရန်၊ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ၏ ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းများ၊ နိုင်ငံအလိုက် ဆောင် ရွက်နေသည့် လုပ်ငန်းအတွေ့ အကြုံများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ဖြေရှင်းရာတွင် အပြန်အလှန် ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News